လတ်တလော ထွက်ပေါ်လာတဲ့ အပြောင်းအရွှေ့ သတင်းတွေအရ ဘာစီလိုနာအသင်းရဲ့ နည်းပြ ရော်နယ် ကိုးမန်းဟာ လီဗာပူးလ်အသင်းနဲ့ စာချုပ် (၁) နှစ်သာ ကျန်တော့တဲ့ လီဗာပူးလ်အသင်းရဲ့ ကွင်းလယ် ကစားသမား ဝီနာလ်ဒွန်ကို ခေါ်ယူချင်တယ်လို့ သတင်းတွေ ထွက်လျက် ရှိပါတယ်။ နည်းပြ ရော်နယ် ကိုးမန်းဟာ နယ်သာလန် လက်ရွေးစင်အသင်းကို နည်းပြခဲ့စဉ်က ကွင်းလယ်လူ ဝီနာလ်ဒွန်ကို နည်းပြခဲ့ဖူးတာ ဖြစ်ပြီး အခုတစ်ခေါက်မှာတော့ ကွင်းလယ်လူ ဝီနာလ်ဒွန်ကို ခေါ်ပြီး ဘာစီလိုနာအသင်းမှာ ပြန်လည် ပေါင်းစည်းချင်နေတယ်လို့ သတင်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။

Photo Credit: Dailymail

အသက် (၂၉) နှစ်အရွယ် နယ်သာလန် လက်ရွေးစင် ကစားသမား ဝီနာလ်ဒွန်ဟာ နည်းပြ ဂျာဂျင် ကလော့ပ်ရဲ့ လီဗာပူးလ်အသင်းနဲ့ စာချုပ် (၁) နှစ်သာ ကျန်ရှိတော့တာ ဖြစ်ပေမယ့်လည်း လက်ရှိ အချိန်အထိ လီဗာပူးလ်အသင်းနဲ့ စာချုပ်သစ် ထပ်တိုးဖို့အတွက် မဆွေးနွေးသေးတာ ဖြစ်ပါတယ်။ Goal သတင်း နဲ့ Dailymail သတင်းကတော့ နည်းပြ ဆက်တီယန်ရဲ့ နေရာမှာ အစားထိုးခဲ့တဲ့ ဘာစီလိုနာ နည်းပြသစ် ရော်နယ် ကိုးမန်းဟာ ဘာစီလိုနာအသင်းကို ပြန်လည် တည်ဆောက်မှုမှာ လီဗာပူးလ် ကွင်းလယ်လူ ဝီနာလ်ဒွန်ကို တစ်စိတ်တစ်ပိုင်း အဖြစ် အသုံးပြုချင်တယ်လို့ ဖော်ပြသွားပါတယ်။

Photo Credit: Dailymail

တကယ်တော့ လီဗာပူးလ်အသင်းရဲ့ ကွင်းလယ်လူ ဝီနာလ်ဒွန်ဟာ လီဗာပူးလ်အသင်းနဲ့ ချုပ်ဆိုခဲ့တဲ့ စာချုပ်ရဲ့ နောက်ဆုံးနှစ်ကို ရောက်ရှိနေပြီ ဖြစ်ပြီး ဘာစီလိုနာအသင်းရဲ့ နည်းပြ ဖြစ်သူ ကိုးမန်းက လာမယ့် အပြောင်းအရွှေ့ ဈေးကွက်မှာ အပြီးသတ် ခေါ်ယူနိုင်ဖို့ စိတ်ဝင်စားနေတာပဲ ဖြစ်ပါတယ်။ ဘာစီလိုနာအသင်းဟာ ချန်ပီယံလိဂ် ပြိုင်ပွဲမှာ ဘိုင်ယန်အသင်းကို ဂိုးပြတ် ရှုံးနိမ့်သွားခဲ့ပြီးနောက် အသင်းကို ပြန်လည် တည်ဆောက်ဖို့ ပြင်ဆင်လာခဲ့တာ ဖြစ်ပြီး အသင်းရဲ့ ကစားသမား အချို့ကို ရောင်းချသွားမှာ ဖြစ်သလို ကစားသမားတွေကိုလည်း ခေါ်ယူသွားဖို့ ပြင်ဆင်နေတာ ဖြစ်ပါတယ်။ နည်းပြ ကိုးမန်းဟာ ကွင်းလယ်လူ ဝီနာလ်ဒွန်ကို နယ်သာလန်အသင်းမှာ နည်းပြခဲ့စဉ်က ကောင်းစွာ အသုံးပြုနိုင်ခဲ့တာ ဖြစ်ပြီး ဝီနာလ်ဒွန်အနေနဲ့ (၂၀၁၉) ခုနှစ်က နယ်သာလန် လက်ရွေးစင်အသင်း အတွက် ပွဲစဉ် (၉) ပွဲ ကစားခဲ့ရာမှာ သွင်းဂိုး (၈) ဂိုးအထိတောင်မှ သွင်းယူနိုင်ခဲ့တာပဲ ဖြစ်ပါတယ်။