MySport Myanmar

ဂိုးသမားသစ် တစ်ဦးကို ထပ်မံ ခေါ်ယူဖြည့်တင်းလိုက်ပြန်တဲ့ လီဗာပူးလ်

လီဗာပူးလ်အသင်းဟာ ပရက်စတန်အသင်းကနေ ဂိုးသမား ဖရက်ဒီ ဝုဒ်မန်းကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူလိုက်ပြီဖြစ်ပါတယ်။ ဒါဟာ နည်းပြ အာနေး စလော့ရဲ့ အသင်းကို ပုံစံသစ်ပြန်လည်ဖော်ဆောင်နေမှုတွေထဲက တစ်ခုဖြစ်ပါတယ်။

အသက် ၂၈ နှစ်အရွယ် ဝုဒ်မန်းဟာ ပြီးခဲ့တဲ့ရာသီက လိဂ်ချန်ပီယံရှစ်ကလပ် ပရက်စတန်အတွက် ၂၂ ပွဲ ကစားခဲ့ပါတယ်။ သူ့ရဲ့ ပရက်စတန်နဲ့ စာချုပ်ဟာ ဒီလကုန်မှာ ကုန်ဆုံးမှာဖြစ်တာကြောင့် လီဗာပူးလ်က သူ့ကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူနိုင်ခဲ့တာ ဖြစ်ပါတယ်။ သူဟာ လာမယ့်လမှာ လီဗာပူးလ်နဲ့အတူ ရာသီကြို လေ့ကျင့်ခန်းတွေ စတင်ပါတော့မယ်။

Photo Credit : Sky Sports

ဝုဒ်မန်းရဲ့ အခန်းကဏ္ဍကတော့ နည်းပြ စလော့ရဲ့အသင်းမှာ တတိယဂိုးသမားအဖြစ် ပါဝင်လာမှာဖြစ်ပြီး လက်ရှိဂိုးသမား အယ်လ်လီဆန်နဲ့ ဂျော်ဂျီယာလက်ရွေးစင်နံပါတ် ၁ ဂိုးသမား မာမာဒက်ရှ်ဗီလီတို့ရဲ့ နောက်မှာ ပွဲထွက်ခွင့်ရဖို့ စောင့်ဆိုင်းရမှာပါ။ အသက် ၂၄ နှစ်အရွယ် မာမာဒက်ရှ်ဗီလီကတော့ ပြီးခဲ့တဲ့နွေရာသီကတည်းက လီဗာပူးလ်ကို ပြောင်းဖို့ သဘောတူထားပေမယ့် ၂၀၂၄-၂၅ ရာသီအတွက် ဗလင်စီယာမှာပဲ ဆက်ကစားခဲ့ပါတယ်။ အရန်ဂိုးသမား ကယ်လာဟာကတော့ ဘရန့်ဖို့ဒ်ကို ပေါင် ၁၈ သန်းနဲ့ ထွက်ခွာသွားခဲ့ပြီးဖြစ်ပါတယ်။

ဝုဒ်မန်းဟာ ၂၀၁၇ ခုနှစ်မှာ အင်္ဂလန် ယူ-၁၇အသင်းနဲ့အတူ ကမ္ဘာ့ဖလားကို ဆွတ်ခူးခဲ့ဖူးပြီး နယူးကာဆယ် ဆွမ်ဆီးနဲ့ ကေလ်မားနော့ခ်တို့လို အသင်းတွေမှာလည်း ကစားခဲ့ဖူးပါတယ်။ သူဟာ အင်္ဂလန်နည်းပြဟောင်း ဂါရတ် ဆောက်ဂိတ်နဲ့ ရင်းနှီးသူလည်း ဖြစ်ပါတယ်။

Photo Credit : BBC

ဒီနွေရာသီ အပြောင်းအရွှေ့ဈေးကွက်မှာ လီဗာပူးလ်အသင်းဟာ ကစားသမားသစ် ခေါ်ယူမှုတွေကို လျင်လျင်မြန်မြန်နဲ့ လုပ်ဆောင်နေပြီး လက်ရှိအချိန်ထိ လေဗာကူဆင်က ကစားသမားကောင်းတွေဖြစ်တဲ့ ကွင်းလယ်တိုက်စစ်နဲ့ တောင်ပံကစားသမား ဖလော်ရီယန် ဝါ့ဇ်၊ ညာနောက်ခံလူ ဖရင်ပေါင်တို့အပြင် ဘုန်းမောက်က ဘယ်နောက်ခံလူ မီလိုစ် ကာကက်ဇ်တို့ကို ခေါ်ယူထားပါတယ်။

ဒီလို ကစားသမား ခေါ်ယူမှုတွေ အားရစရာကောင်းလောက်အောင် လုပ်ဆောင်ထားတဲ့ လီဗာပူးလ်ဟာ ကစစာသမားအထွက်အတွက်ကိုလည်း လုပ်ဆောင်နေပြီး လက်ရှိမှာတော့ ကလပ်စံချိန်တင် ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူထားတဲ့ ဥရုဂွေးတိုက်စစ်မှူး ဒါဝင် နူးနက်ဇ်ကို နာပိုလီအသင်းဆီ ရောင်းချဖို့ ဆွေးနွေးလျက် ရှိနေပါတယ်။

Exit mobile version