ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ လီဗာပူးရဲ့ နည်းပြဖြစ်သူ ဂျာဂင်ကလော့ပ်က ယနေ့မနက် အစောပိုင်းမှာ ခါးသီးပြိုင်ဘက် မန်ချက်စတာ ယူနိုက်တက်နဲ့ ယှဉ်ပြိုင် ကစားခဲ့ရတဲ့ ပရီးမီးယားလိဂ် ပွဲစဉ်(၃)မှာ မန်ချက်စတာ ယူနိုက်တက်ကို အဝေးကွင်းမှာ အရှုံးပေးခဲ့ရပေမယ့် တကယ်တမ်းမှာတော့ သူတို့အသင်းကသာ နိုင်ပွဲကို ရရှိခဲ့သင့်ကြောင်း ပွဲပြီး အင်တာဗျူးမှာ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

ယခုနှစ် ဘောလုံးရာသီမှာ ရလဒ်တွေ တောက်လျှောက် ဆိုးဝါးနေကြတဲ့ မန်ချက်စတာ ယူနိုက်တက်နဲ့ လီဗာပူးတို့က ပွဲစဉ်(၃) အဖြစ် မန်ချက်စတာ ယူနိုက်တက်ရဲ့ အိမ်ကွင်း အိုးထရက်ဖို့ဒ်မှာ ယှဉ်ပြိုင် ကစားခဲ့ရာ မန်ချက်စတာ ယူနိုက်တက်က ၂-၁ ဆိုတဲ့ ရလဒ်နဲ့အတူ လီဗာပူးကို အနိုင်ရရှိကာ ၂ပွဲဆက် ရှုံးနိမ့်နေမှုကို ရပ်တန့်သွားခဲ့ပါတယ်။

Photo Credit: Goal

တဖက်မှာတော့ မန်ချက်စတာ ယူနိုက်တက်ကို ရှုံးနိမ့်လိုက်ရတဲ့ လီဗာပူးဟာ ရာသီသစ်ရဲ့ ပထမဦးဆုံး ရှုံးပွဲကို မြည်းစမ်းလိုက်ရသလို ဒီရာသီမှာ ပရီးမီးယားလိဂ် ၃ပွဲကစား ၊ ၂ပွဲသရေ ၊ ၁ပွဲရှုံး ဆိုတဲ့ ရလဒ်သာ ရထားတာကြောင့် ရလဒ်ပိုင်းတွေ ပြန်လည် ကောင်းမွန်လာအောင် အာရုံစိုက် ကြိုးစားဖို့ လိုအပ်နေပါပြီ။

အဆိုပါပွဲစဉ်မှာ မန်ချက်စတာ ယူနိုက်တက်က လီဗာပူးထက် ကစားကွက်ပိုင်းအရ အသာစီး ကစားသွားနိုင်ခဲ့ပြီး လီဗာပူးကတော့ ဒဏ်ရာရ ကစားသမား များပြားနေတာကြောင့် ရှုံးနိမ့်နေချိန်မှာတောင် ကစားကွက် အပြောင်းအလဲ လုပ်ဖို့ ခက်ခဲနေခဲ့ကာ လီဗာပူးရဲ့ နည်းပြဖြစ်သူ ကလော့ပ်ကတော့ သူတို့အသင်းဟာ ဒဏ်ရာရ ကစားသမား များပြားချိန်မှာတောင် အစွမ်းကုန် ကြိုးစား ကစားခဲ့ကြောင်းနဲ့ သူတို့အသင်းကသာ နိုင်ပွဲရဖို့ ပိုမို ထိုက်တန်ခဲ့ကြောင်း ပြောကြားလာပါတယ်။

Photo Credit: Goal

ကလော့ပ်က – “ကျွန်တော်တို့က ဒဏ်ရာပြဿနာတွေကြောင့် ကျဉ်းထဲကျပ်ထဲ အခြေအနေကို ရောက်ရှိနေပါတယ်။ အခုဆိုရင် ကျွန်တော်တို့က ကြံ့ခိုင်မှု ပြည့်ဝတဲ့ စီနီယာ ကစားသမား ၁၄ ၊ ၁၅ယောက်နဲ့ ဒီတပတ်ကို ဖြတ်သန်းခဲ့ရပါတယ်။ ပြီးတော့ ကျွန်တော်တို့က ကစားသမားတွေ ထပ်ပြီး ဒဏ်ရာမရအောင်လည်း ဂရုစိုက်နေရပါတယ်။ ဒါပေမယ့် အဲ့ဒီလို ခက်ခဲတဲ့ အချိန်အတွင်းမှာတောင် ကျွန်တော်တို့က တဖက်အသင်းထက် အနည်းငယ် ပိုကောင်းခဲ့သလို ဒီပွဲကိုလည်း နိုင်ခဲ့သင့်ပါတယ်။ ကျွန်တော်က ဒီလိုမျိုး ပြောလို့ ရယ်ချင်စရာ ကောင်းနေပါလိမ့်မယ်။ ဒါပေမယ့် ကျွန်တော်ကတော့ ကျွန်တော်တို့အသင်း နိုင်ခဲ့သင့်တယ်လို့ပဲ မြင်ပါတယ်” လို့ ထုတ်ဖော် ပြောကြားသွားခဲ့တာပါ။