လီဗာပူးလ်အသင်းရဲ့ နောက်ခံကစားသမားဟောင်းကြီး စတိဗ်နီကိုးလ်က လီဗာပူးလ်အသင်းနည်းပြ ယာဂင်ကလော့အနေနဲ့ ဒီနှစ်နွေစျေးကွက်အတွင်းမှာ ဘာစီလိုနာအသင်းကနေ ထွက်ခွာသွားဖွယ်ရှိလို့နေတဲ့ လီဗာပူးလ်တိုက်စစ်ကစားသမားဟောင်း လူးဝစ်ဆွာရက်ဇ်ကို အသင်းဆီ ပြန်လည်ခေါ်ဆောင်သွားသင့်တယ်လို့ တိုက်တွန်းပြောဆိုလာခဲ့ပြီး ဆွာရက်ဇ်သာ အသင်းဟောင်းကိ ပြန်လည်ရောက်လာခဲ့မယ်ဆိုရင် လီဗာပူးလ်အတွက် အကောင်းဆုံးသော ကစားသမားခေါ်ယူမှုတစ်ခု ဖြစ်လာလိမ့်မယ်လို့ အကြံပြုပြောဆိုလိုက်ပါတယ်။

Photo Credit : Eurosport

အသက်(၃၃)နှစ်အရွှယ်ရှိ ဥရုဂွေးလက်ရွေးစင် တိုက်စစ်ကစားသမားကြီး ဆွာရက်ဇ်ဟာ ၂၀၁၄ခုနှစ်ကမှ လီဗာပူးလ်ကနေ ဘာစီလိုနာအသင်းဆီကို ပြောင်းရွှေ့သွားခဲ့တာဖြစ်ပြီး ဘာစီလိုနာအသင်းမှာ (၆)နှစ်တာ ပါဝင်ကစားခဲ့ရင်းနဲ့ သွင်းဂိုးပေါင်း (၁၉၈)ဂိုးအထိကို သွင်းယူနိုင်ခဲ့သလို ဆုဖလားများစွာကိုလည်း ရယူနိုင်ခဲ့ပါတယ်။ ဒါပေမယ့် အသင်းကို နည်းပြသစ် ရော်နယ်ကိုးမန်း ရောက်ရှိလာချိန်မှာတော့ ဆွာရက်ဇ်ရဲ့အနာဂတ်အခြေအနေတွေက အတော်လေးကို လှုပ်ခတ်လာခဲ့ရပြီး ဂျုဗင်တပ်စ် အသက်လက်တီကိုအသင်းတွေနဲ့ပါ ကောလဟာလသတင်းတွေ စတင်ထွက်ပေါ်လာခဲ့ရပါတယ်။

Photo Credit : Goal

ဒီလို အသင်းကနေ ထွက်ခွာရဖွယ်ရှိနေတဲ့ ဆွာရက်ဇ်ကို လီဗာပူးလ်အသင်းအနေနဲ့ လက်လွတ်မခံသင့်ပဲ ပြန်လည်ခေါ်ယူသွားသင့်တယ်လို့ နည်းပြကလော့ကို နီကိုးလ်ကနေ တိုက်တွန်းလိုက်ပါတယ်။ နီကိုးလ်က “သေချာတာပေါ့ဗျာ။ လီဗာပူးလ်တို့ ဆွာရက်ဇ်ကို ပြန်လည်ခေါ်ယူသင့်တာ ၁၀၀%ပြည့်ကို သေချာတယ်။ ဒါက အရမ်းကောင်းတဲ့ ခေါ်ယူမှုလည်း ဖြစ်သွားစေမှာလေ။ အရမ်းကို အကျိုးရှိစေမယ့် အပြောင်းအရွှေ့ဖြစ်လာမှာပါ။ သူရဲ့အရည်အသွေးတွေနဲ့ အသင်းအတွက် သွင်းဂိုးတွေလည်း သွင်းယူပေးနိုင်ဦးမှာ။ ဆွာရက်ဇ်က လီဗာပူးလ်ရဲ့တိုက်စစ်မှာ မပိုင်ဆိုင်ဖူးသေးတဲ့ အရာတွေကိုပါ ပေးစွမ်းနိုင်လိမ့်မယ်လို့ပါ ကျွန်တော်ယုံကြည်တယ်။ လီဗာပူးလ်အသင်းက အခုချိန်မှာ အတွေ့အကြုံရင့်ကျက်လှတဲ့ တိုက်ပွဲဝင်နိုင်သူတစ်ဦးကို ရရှိဖို့လိုအပ်နေပါတယ်။ ဒီကစားသမားက ဆွာရက်ဇ်ပါပဲ” လို့ သူရဲ့အမြင်တွေကို ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။ လတ်တလောမှာတော့ လီဗာပူးလ်အသင်းဟာ သူတို့ရဲ့အဓိကပစ်မှတ်ဖြစ်တဲ့ ဘိုင်ယန်မြူးနစ်အသင်းရဲ့ စပိန်ကွင်းလယ်ကစားသမား သီယာဂိုအယ်ကန်တာရာကို ယူရိုသန်း(၃၀)နဲ့ ခေါ်ယူသွားဖို့ သဘောတူညီမှု ရယူနိုင်ခဲ့ပြီဖြစ်ပြီး မကြာခင်မှာပဲ အသင်းနဲ့ ဆေးစစ်မှုတွေကို ခံယူသွားတော့မယ်လို့ သိရပါတယ်။