ပရီးမီးယားလိဂ်ရဲ့ လက်ရှိချန်ပီယံ လီဗာပူးလ်အသင်းကတော့ အသင်းရဲ့ခံစစ်ပိုင်းမှာ ကစားသမားသစ်တစ်ယောက်ကို အားဖြည့်သွားဖို့အတွက် စီစဉ်လျက်ရှိနေပြီး လတ်တလောမှာလည်း လိုင်လီအသင်းရဲ့ နောက်ခံကစားသမား ဘို့တ်မန်းနဲ့ သတင်းတွေ ထွက်ပေါ်နေပေမယ့်လည်း စပိန်အခြေစိုက် Todofichajes ကနေ ဖော်ပြလာချက်တွေအရတော့ လက်ရှိမှာ အသင်းလက်မဲ့ ဖြစ်လို့နေတဲ့ ဗလင်စီယာနောက်ခံလူဟောင်း ဂါရေးကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူသွားဖို့ နီးစပ်နေတယ်လို့ သိရှိရပါတယ်။

Photo Credit : The Sun

အသက်(၃၄)နှစ်အရွှယ်ရှိ အာဂျင်တီးနားလက်ရွေးစင်ဟောင်း ဗဟိုနောက်ခံကစားသမားကြီးဂါရေးဟာ ဗလင်စီယာအသင်းမှာ ပါဝင်ကစားနေစဉ်အတွင်း ဆိုးရွှားလှတဲ့ ဒူးအရွှတ်ဒဏ်ရာကို ခံစားခဲ့ရလို့ အသင်းနဲ့လည်း စာချုပ်ဖျက်သိမ်းခဲ့ရကာ အခုထိ အသင်းလက်မဲ့ ဖြစ်နေခဲ့ရတာဖြစ်ပါတယ်။ ဂါရေးဟာ သူရဲ့ဘောလုံးသမားဘဝအတွင်း ရီးရဲလ်မက်ဒရစ် ဘင်ဖီကာ ဇင်းနစ်နဲ့ ဗလင်စီယာအသင်းတွေမှာ ပါဝင်ကစားခဲ့ဖူးပြီး အာဂျင်တီးနားလက်ရွေးစင်အသင်းအတွက်ကိုလည်း ပွဲပေါင်း(၃၀) ပါဝင်ကစားခဲ့ဖူးသူ ဖြစ်ပါတယ်။

Photo Credit : The Indian Express

ဝါရင့်နောက်ခံကစားသမား ဂါရေးဟာ အာဂျင်တီးနားကလပ် နယူးဝဲလ်စ်အိုးဘွိုင်းစ်အသင်းမှာ သူရဲ့ကစားသမားဘဝကို စတင်ခဲ့တာဖြစ်ပြီး အဲ့ဒီကမှ ရေးဆင်းဆန်တန်ဒါအသင်းကို ရောက်ရှိခဲ့ပြီး ၂၀၀၈ခုနှစ်မှာပဲ ရီးရဲလ်မက်ဒရစ်က သူ့ကို ခေါ်ယူခဲ့ပါတယ်။ ဒါပေမယ့် ဂါရေးဟာ မော်ရင်ဟို ရီးရဲလ်ကို ကိုင်တွယ်နေတဲ့ အချိန်အတွင်းမှာ နေရာမရခဲ့လို့ ဘင်ဖီကာကို ပြောင်းရွှေ့ခဲ့ရပြီး အဲ့ဒီကမှတစ်ဆင့် ဇင်းနစ်နဲ့ ဗလင်စီယာအသင်းတွေကို ဆက်တိုက်ပြောင်းရွှေ့ကစားခဲ့တာဖြစ်ပါတယ်။ လာလီဂါမှာ အချိန်အတော်ကြာ ကျင်လည်ခဲ့ဖူးတဲ့ ဂါရေးကို ခံစစ်ပိုင်းမှာ ဒဏ်ရာပြသာနာတွေ ရှိလို့နေတဲ့ လီဗာပူးလ်အသင်းက အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူသွားချင်နေတာဖြစ်ပြီး ကာလတိုသာ စာချုပ်ချုပ်ဆိုဖွယ် ရှိနေပါတယ်။ ဗန်ဒိုက်နဲ့ ဂိုးမက်ဇ်တို့လို အသင်းရဲ့ အဓိကနောက်ခံလူတွေ ဒဏ်ရာရနေချိန်မှာ အတွေ့အကြုံရှိ နောက်ခံကစားသမား ဂါရေးကို ရေတိုစီမံကိန်းနဲ့ ခေါ်ယူဖို့ အလွန်ကို နီးစပ်လျက်ရှိနေပြီဖြစ်သလို ရီးရဲလ်မက်ဒရစ်အသင်းရဲ့ ဘရာဇီးနောက်ခံကစားသမား အက်ဒါမီလီတာအိုကိုလည်း ပစ်မှတ်ထားလျက်ရှိနေတယ်လို့ စပိန်သတင်းမီဒီယာတွေကနေ ဖော်ပြလာခဲ့ပါတယ်။