ပရီးမီးယားလိဂ်ပြိုင်ပွဲကတော့ လာမယ့်ဇွန်လ(၁၇)ရက်နေ့မှာ ပြန်လည်စတင်တော့မှာဖြစ်ပြီး စစချင်းမှာတော့ ပွဲကျန်(၂)ပွဲနဲဲ့ စတင်မှာဖြစ်ကာ ဇွန်လ(၂၀)ရက်နေ့ကြမှ အသင်းတိုင်းက ပွဲစဉ်(၃၀)ကို ယှဉ်ပြိုင်ကစားရမှာဖြစ်ပါတယ်။ ပြိုင်ပွဲပြန်လည်စတင်ဖို့အတွက် ရက်သတ္တပတ် အနည်းငယ်သာ လိုတော့တာကြောင့် အသင်းတွေက ဒီအချိန်မှာ အသင်းလိုက်လေ့ကျင့်ခန်းတွေ ပြန်လည်လုပ်ဆောင်နေကြပြီး လီဗာပူးလ်အသင်းဆိုရင် စီနီယာကစားသမားတွေကို (၂)သင်းခွဲကာ ခြေစမ်းပွဲပုံစံနဲ့ ယှဉ်ပြိုင်ကစားခိုင်းပြီး ကြိုတင်ပြင်ဆင်မှုတွေကို လုပ်ဆောင်ခဲ့ပါတယ်။

Photo Credit : Twitter

လီဗာပူးလ်အသင်းနည်းပြ ယာဂင်ကလော့က လီဗာပူးလ်စီနီယာကစားသမားတွေ (၂)သင်းခွဲပြီး အိမ်ကွင်းအနီရောင်ဝတ်စုံ ဝတ်ဆင်ထားတဲ့အသင်းနဲ့ အဝေးကွင်းအမည်းရောင်ဝတ်စုံ ဝတ်ဆင်ထားတဲ့အသင်းကို ယှဉ်ပြိုင်ကစားစေခဲ့ပါတယ်။ အိမ်ကွင်းအသင်းဘက်မှာတော့ အယ်လီဆန် ဗန်ဒိုက် ဟိုးဗား မက်တစ် ရောဘတ်ဆန် ဂျုံး ဟန်ဒါဆန် ကီတာ အယ်လီယော့ ဖာမီနိုနဲ့ မာနေးတို့ ပါဝင်ကစားခဲ့ကာ ဧည့်သည်အသင်းဘက်မှာက အက်ဒရီယန် အာနိုး လိုဗရန် ဂိုးမက်ဇ် လော့ရီချီ ချိန်ဘာလိန် မီနာ ဖာဘင်ဟို ဆာလာ မီနာမီနို အော်ရီဂီတို့ ပါဝင်ကစားသွားခဲ့ပါတယ်။

Photo Credit : Twitter

အိမ်ရှင်အသင်းဘက်က မာနေး ကီတာ ကာတစ်ဂျံုးတို့ အသီးသီးခြေစွမ်းပြသခဲ့ပေမယ့် ဘရာဇီးတိုက်စစ်ကစားသမား ဖာဘင်ဟိုကတော့ ခြေမပေါ်နိုင်ခဲ့ပါဘူး။ နောက်ခံလူလိုဗရန်ကတော့ ခြေစမ်းပွဲမှာလည်း အမှားအယွင်းတွေကို ထပ်မံလုပ်ဆောင်ခဲ့မိသေးလို့ ပရိသတ်တွေရဲ့ လှောင်ပြောင်မှုနဲ့ ရင်ဆိုင်နေရပြီး ပရိသတ်တစ်ဦးဆိုရင် “လိုဗရန်က ခြေစမ်းပွဲမှာတောင် ဘောကျနေသလို ကစားနေတယ်” ဆိုပြီး ဝေဖန်လှောင်ပြောင်သွားခဲ့ပါတယ်။ ဒီပွဲဲမှာ အနီရောင်အိမ်ကွင်းဝတ်စုံ ဝတ်ဆင်ထားတဲ့အသင်းက မာနေး ကီတာတို့ရဲ့ သွင်းဂိုးတွေနဲ့ နိုင်ပွဲရရှိခဲ့ပါတယ်။ လီဗာပူးလ်အသင်းဟာ လာမယ့် ဇွန်(၂၀)ရက်နေ့မှာ ပရီးမီးယားလိဂ် ပွဲစဉ်(၃၀)အဖြစ် သူတို့ရဲ့ မာဆေးဆိုက်ဒါဘီအသင်းဖြစ်တဲ့ အဲဗာတန်အသင်းနဲ့ ရင်ဆိုင်ကစားရမှာဖြစ်ပြီး လက်ရှိ ရပ်တည်မှုအနေအထားအရ လိဂ်ပွဲ(၂)ပွဲလောက်ကို ဆက်တိုက်အနိုင်ရရှိလိုက်ရုံနဲ့ ပရီးမီးယားလိဂ်ချန်ပီယံဆုကြီးကို တရားဝင်ဆွတ်ခူးနိုင်တော့မှာပဲဖြစ်ပါတယ်။