ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ လီဗာပူးအသင်းဟာ ပေါ်တူဂီ အင်အားကြီးကလပ် ပေါ်တိုအသင်းနဲ့ အတူ တောက်ပနေတဲ့ တောင်ပံတိုက်စစ် ကစားသမား လူးဝစ် ဒီယက်ဇ်ကို ခေါ်ယူဖို့ အတွက် အနီးကပ် စောင့်ကြည့် လေ့လာမှုတွေ ပြုလုပ်နေကြောင်း ဥရောပ အခြေစိုက် သတင်းဌာနတွေက ဖော်ပြသွားကြပါတယ်။

အသက် ၂၄နှစ် အရွယ် ကိုလံဘီယာ လက်ရွေးစင် တောင်ပံတိုက်စစ် ကစားသမား လူးဝစ် ဒီယက်ဇ်ဟာ အရည်အသွေးမြင့် ထိပ်တန်း ကစားသမား တဦး ဖြစ်ပြီး ယခုနှစ် ဘောလုံးရာသီမှာ ပေါ်တိုအသင်း အတွက် ပြိုင်ပွဲစုံမှာ ၂၄ပွဲ ပါဝင် ကစားပေးထားရာ သွင်းဂိုး ၁၄ဂိုး သွင်းယူထားနိုင်ကာ ဂိုးဖန်တီးမှု ၅ကြိမ် အထိ ပြုလုပ်ထားနိုင်သူပါ။

Photo Credit: Metro

ဒါကြောင့်ပဲ လူးဝစ် ဒီယက်ဇ်ကို ခေါ်ယူဖို့ စောင့်ကြည့်နေတဲ့ ဥရောပ အသင်းကြီးတွေ အများအပြား ရှိနေပေမယ့် လီဗာပူးအသင်းဟာ ဒီယက်ဇ်ကို ခေါ်ယူဖို့ စိတ်အဝင်စားဆုံး အသင်းတသင်း ဖြစ်ကြောင်း ပေါ်တူဂီ အခြေစိုက် သတင်းဌာနတွေက ဆိုပါတယ်။

နာမည်ကြီး သတင်းထောက် တဦး ဖြစ်သူ ဖာဘရီဇီယို ရိုမာနိုကလည်း လီဗာပူးအသင်း အနေနဲ့ ဒီယက်ဇ်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြောင်း အတည်ပြုပေးခဲ့သလို လီဗာပူးအသင်းဟာ ဒီယက်ဇ်ရဲ့ ခြေစွမ်းကို အနီးကပ် စောင့်ကြည့်လေ့လာမှုတွေ ၅ကြိမ်တိုင်တိုင် ပြုလုပ်ထားကြောင်း ယမန်နေ့ညပိုင်းမှာ ဖော်ပြလာပါတယ်။

Photo Credit: Metro

လက်ရှိမှာတော့ လီဗာပူးအသင်းရဲ့ ထိပ်တန်း ကင်းထောက်တွေဟာ ဒီယက်ဇ်ရဲ့ ခြေစွမ်းကို အသေးစိတ် စောင့်ကြည့် လေ့လာမှုတွေ ပြုလုပ်နေသလို လီဗာပူးအသင်းရဲ့ တာဝန်ရှိသူတွေကလည်း ဒီယက်ဇ်ကို ခေါ်ယူဖို့ သူ့ရဲ့ အေးဂျင့်ထံ ချိတ်ဆက်မှုတွေ ပြုလုပ်နေကြောင်း နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Euro Sports သတင်းဌာနက အခိုင်အမာ ဆိုပါတယ်။

ပေါ်တိုအသင်း ကတော့ အသင်းနဲ့ စာချုပ်သက်တမ်း ၂နှစ် အထိ ကျန်ရှိနေသေးတဲ့ လူးဝစ် ဒီယက်ဇ်ကို လာမယ့် နွေရာသီ အပြောင်းအရွှေ့မှာ ရောင်းထုတ်ဖို့ စီစဉ်ထားပြီး ဒီယက်ဇ်အတွက် ပြောင်းရွှေ့ကြေး ယူရို ၆၀သန်း ဝန်းကျင် အလိုရှိနေကြောင်း သိရပါတယ်။