ပရီးမီးယားလိဂ်ရဲ့ လက်ရှိ ချန်ပီယံ လီဗာပူး အသင်း ကတော့ အေဂျက် အသင်းရဲ့ နောက်ခံ ကစားသမား တစ်ဦး ဖြစ်တဲ့ ပါးရှုးရက်စ်ကို ယူရို သန်း ၃၀ နဲ့ ကမ်းလှမ်း ဖို့ အတွက် ဆွေးနွေးမှုတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။ လီဗာပူး အသင်း ရဲ့ ဒီရာသီ ခံစစ်ပိုင်းဟာ ဒဏ်ရာပြဿနာတွေ နဲ့ ရင်ဆိုင်နေရပြီးတော့ နည်းပြကလော့ပ် အတွက် ခံစစ်ပိုင်းနဲ့ ပတ်သက်ပြီး ခေါင်းခဲစရာ အခြအနေ တစ်ခုနဲ့ ရင်ဆိုင် ဖြတ်သန်း နေရတာ ဖြစ်ပါတယ်။ အဓိက ခံစစ် ကစားသမား တစ်ဦးလို့ ဆိုရမယ့် ဗာဂျယ် ဗန်ဒိုက် ဟာလည်း မာဆေးလ်ဆိုက်ဒါဘီ ပွဲမှာ ရရှိခဲ့တဲ့ ဒဏ်ရာကြောင့် အသင်းရဲ့ လက်ကျန် တစ်ရာသီလုံး ပွဲစဉ်တွေကို လွဲချော်နေရပြီးတော့ ဂျိုးဂိုးမက်ဇ် ကလည်း ဒူးဒဏ်ရာကြောင့် အနားယူနေရပါတယ်။

Photo Credit: Standard

အလက်ဇန်းဒါး အားနိုးလ် ကလည်း ဒဏ်ရာ ပြဿနာတွေနဲ့ ရင်ဆိုင်နေရသလို ၁၉ နှစ်အရွယ် လူငယ်ကစားသမား ရိုင်းစ် ဝီလီယံဟာလည်း ဒဏ်ရာပြဿနာ အသေးအမွှား ရရှိထားတာကြောင့် ပွဲစဉ် အချို့ကို လွဲချော်ထားရပါတယ်။ လီဗာပူး အသင်း အနေနဲ့ ယခုလက်ရှိ ဗဟိုခံစစ်မှာ စီနီယာ ခံစစ် ကစားသမား အဖြစ် ဂျိုးမာတစ် နဲ့ ဒဏ်ရာ ပြဿနာကနေ သက်သာလာတာ မကြာသေးတဲ့ ဖာဘင်ဟို နဲ့ အတွဲအဖက်ကိုသာ အသုံးပြု နေရတာ ဖြစ်ပါတယ်။ အဆိုပါ ခံစစ် ပြဿနာတွေ ကြောင့် လီဗာပူး အသင်း အနေနဲ့ လာမယ့် ဇန်နဝါရီ အပြောင်းအရွှေ့ ဈေးကွက်မှာ ခံစစ်ကစားသမား ခေါ်ယူဖို့ စီစဉ်နေပြီးတော့ သူတို့ ရဲ့ ပစ်မှတ်က အေဂျက် ကစားသမား ပါးရှူးရက်စ် ဖြစ်လာခဲ့တာပါ။ သတင်းဌာနတွေရဲ့ အဆိုအရ လီဗာပူး အသင်းဟာ အသက် ၂၁ နှစ်အရွယ်သာ ရှိသေးတဲ့ ဗဟိုခံစစ် ကစားသမား ရှုးရက်စ် နဲ့ ညှိနှိုင်းဆွေးနွေးမှုတွေ ပြုလုပ်နေကာ ယူရို သန်း ၃၀ ( ပေါင် ၂၇ သန်း ) နဲ့ ကနဦး ကမ်းလှမ်းထားတယ်လို့ သိရှိရပါတယ်။

Photo Credit: Standard

ရှုးရက်စ် ဟာ ၂၀၁၈ ခုနှစ်ကတည်းက အေဂျက်အသင်း မှာ စတင်ပြီးတော့ ကစားခဲ့တာ ဖြစ်ကာ ပုံစံ ကောင်း ပြသနိုင်ပြီးတော့ ခြေစွမ်းပိုင်းမှာ တည်ငြိမ်တာ ကြောင့် ပုံမှန် ပွဲထွက်ခွင့် ရှာဖွေထားနိုင်တဲ့ ကစားသမား တစ်ဦး အဖြစ်လည်း အသင်းမှာ ရပ်တည်နေပါတယ်။ အေဂျက် အသင်း အတွက် ဒီရာသီ ၉ ပွဲမှာ ၈ ပွဲအထိ ပါဝင် ကစားခွင့် ရထားပြီး ခံစစ်ပိုင်း အတွက် တာဝန်ယူပေးထားနိုင်ခဲ့ပါတယ်။ အချို့‌သော သတင်းတွေ အရတော့ လီဗာပူး အသင်း ဟာ လာမယ့် ဇန်နဝါရီမှာ အပြောင်းအရွှေ့တစ်ခုမှ ပြုလုပ်သွားမှာ မဟုတ်ဘူးလို့လည်း ခန့်မှန်း ပြောဆိုထားတာတွေလည်း ရှိနေပါတယ်။ လီဗာပူး အသင်းရဲ့ ဘုတ်အဖွဲ့ကတော့ ကစားသမားအသစ် ခေါ်ယူဖို့ အတွက် ရန်ပုံငွေကို ထုတ်ပေးသွားဖို့ ဆန္ဒရှိပေမယ့်လည်း မှန်ကန်တဲ့ သဘောတူညီမှုနဲ့ မှန်ကန်တဲ့ ဈေးနှုန်း အခြေအနေမှာ ရှိမှသာ ဖြစ်ပါတယ်။ လီဗာပူး အသင်း အနေနဲ့ နောက်ထပ်စောင့်ကြည့်ကစားသမား‌တွေ ကတော့ အိုဇန်ကာဘတ်( ရှော်လ်ကေး )၊ ပေါတောရက်စ်( ဗီလာရီးရဲလ် )၊ မီကိုလာ မတ်‌ဗီရင်ကို( ရှက်တာ ဒိုးနက် ) နဲ့ ဒေးရော့ အူပါမီကာနို( လိုက်ပ်ဇစ် ) တို့ပဲ ဖြစ်ကြပါတယ်။