လက်ရှိဘောလုံးရာသီမှာ ဥရောပဘောလုံး ရပ်ဝန်းရဲ့ ခြေစွမ်းအကောင်းဆုံးနဲ့ ခြေစွမ် အတည်ငြိမ်ဆုံးအသင်းအဖြစ် သတ်မှတ်လို့ရတဲ့ အသင်းကတော့ ပရီးမီးယားလိဂ်မှာ အရှိန်ဟုန် ပြင်းပြင်းနဲ့ တောက်လောင်နေတဲ့ ကြိုးကြာနီတို့ရဲ့ လီဗာပူးလ်အသင်းပဲ ဖြစ်ပါတယ်။လီဗာပူးလ် အသင်းဟာ လက်ရှိဘောလုံးရာသီမှာ ဥရောပစူပါဖလား ၊ ကမ္ဘာ့ကလပ်ဖလားတို့ကို ဆွတ်ခူးထားနိုင်ခဲ့သလို အင်္ဂလန်မှာလဲ နှစ်ပေါင်းများစွာ ဝေးကွာနေတဲ့ အမှတ်ပေးဖလားကို ပြန်လည် ရယူနိုင်ဖို့ ကျိန်းသေသလောက် ဖြစ်သွားခဲ့ပါပြီ။

Photo Credit: Standard.com

ပရီးမီးယားလိဂ်မှာ ရှုံးပွဲကြုံတွေ့ထားခြင်း မရှိသလို မန်ချက်စတာယူနိုက်တက်အသင်းကို အဝေးကွင်းမှာ သရေကျခဲ့တဲ့ ပွဲစဉ်တစ်ပွဲသာ အမှတ်လျော့ထားတဲ့ လီဗာပူးလ်ဟာ ယနေ့ မနက်မှာ ကစားခဲ့တဲ့ ဝက်စ်ဟမ်းအသင်းနဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ အနိုင်ရလဒ် ရရှိခဲ့အပြီးမှာတော့ ပရီးမီးယားလိဂ်မှာ ၁၈ပွဲဆက်တိုက် နိုင်ခဲ့ကာ ပရီးမီးယားလိဂ်ရဲ့ နိုင်ပွဲဆက်အများဆုံး စံချိန်ကို လိုက်မှီခဲ့တယ်လို့ မှတ်တမ်းမှတ်ရာတွေအရ သိရှိရပါတယ်။ အဆိုပါပွဲမှာ လီဗာပူးအသင်းဟာ ဝက်စ်ဟမ်းအသင်းကို အိမ်ကွင်းမှာ သုံးဂိုး နှစ်ဂိုးဆိုတဲ့ ရလဒ်နဲ့ အနိုင်ရရှိခဲ့တာပါ။

Photo Credit: Standard.com

အန်ဖီးလ်ကွင်းမှာ ကစားခဲ့ရတဲ့ အဆိုပါပွဲမှာ လီဗာပူးလ်အသင်းဟာ ဝက်စ်ဟမ်းအသင်းကို အနိုင်ရရှိဖို့ ခက်ခက်ခဲခဲ ရုန်းကန်ကစားခဲ့ရပြီး ဒီရာသီမှာ သွင်းယူနေကျ နောက်ကျအနိုင်ဂိုးတွေနဲ့ ဝက်စ်ဟမ်းအသင်းကို အလဲထိုးကာ ၁၈ပွဲ ဆက်တိုက် နိုင်ပွဲရရှိတဲ့အသင်းဆိုတဲ့ စံချိန်ကို ရယူခဲ့တာပါ။ လီဗာပူးလ်အသင်းဟာ နောက် တစ်ပတ်မှာတော့ တန်းဆင်းဇုန်အန္တရာယ်နဲ့ ရင်ဆိုင်နေရတဲ့ ဝက်ဖို့ဒ်အသင်းကို အဝေးကွင်းမှာ သွားရောက်ရင်ဆိုင်ရမှာဖြစ်ပြီး အဆိုပါပွဲမှာသာ အနိုင်ရခဲ့ပါက နိုင်ပွဲဆက်မှုအများဆုံး အသင်းအဖြစ် မှတ်တမ်းဝင်တော့မှာလည်း ဖြစ်ပါတယ်။