ပရီးမီးယားလိဂ် အဖွဲ့ချုပ်ဟာ ယခုအပတ် တနင်္လာနေ့မှာ “စီမံကိန်း ပြန်စဖို့” ခွင့်ပြုလိုက်ပြီ ဖြစ်တာကြောင့် ပရီးမီးယားလိဂ် အသင်းတွေထဲက လီဗာပူးလ်အသင်းက တစ်ယောက်ချင်း မဟုတ်တော့ဘဲ အုပ်စလိုက် လေ့ကျင့်ရေး ပြန်စတဲ့ ပထမဆုံး အသင်း ဖြစ်သွားခဲ့ပါတယ်။ ပရီးမီးယားလိဂ် အသင်း (၂၀) ဟာ အစည်းအဝေး ပြုလုပ်ပြီးနောက် ကစားသမားတွေကို “ပထမအဆင့်” လေ့ကျင့်ရေး ပြန်ဆင်းဖို့ ခွင့်ပြုခဲ့ပြီး ပထမအဆင့် လေ့ကျင့်ရေး အစီအစဉ်မှာ ကစားသမားတွေက တစ်ယောက်နဲ့ တစ်ယောက် ထိလို့ မရဘဲ လေ့ကျင့်ရမှာ ဖြစ်ပါတယ်။

Photo Credit: Dailymail

ပထမအဆင့် လေ့ကျင့်ရေးမှာ အသင်း တစ်သင်းက ကစားသမား (၅) ဦးဟာ အုပ်စုလိုက် လေ့ကျင့်ရေး ဆင်းရမှာ ဖြစ်ပြီး လီဗာပူးလ်အသင်းက လီဗာပူးလ် ကစားသမား (၅) ဦးဟာ ယနေ့၊ အင်္ဂါနေ့မှာပဲ၊ အုပ်စုလိုက် လေ့ကျင့်ရေးကို ပြန်လည် စတင်ခဲ့ကြပြီပဲ ဖြစ်ပါတယ်။ ပထမအဆင့် လေ့ကျင့်ရေး ပြီးရင် ဒုတိယအဆင့် လေ့ကျင့်ရေး ဆင်းရမှာ ဖြစ်ပြီး ဒုတိယ အဆင့် လေ့ကျင့်ရေးမှာကတော့ ကစားသမားတွေအနေနဲ့ တစ်ယောက် နဲ့ တစ်ယောက် အချင်းချင်း ထိနိုင်တယ်လို့ Daily Mail သတင်းက အခိုင်အမာ ဖော်ပြခဲ့တာပဲ ဖြစ်ပါတယ်။

Photo Credit: Dailymail

ပရီးမီးယားလိဂ် အဖွဲ့ချုပ်ဟာ ဒုတိယအဆင့် လေ့ကျင့်ရေးကို ပြန်စတင်ဖို့အတွက် မဲစနစ်နဲ့ ပြုလုပ်မှာ ဖြစ်ပေမယ့်လည်း ဒုတိယအဆင့် လေ့ကျင့်ရေး ပြန်စဖို့ မဲမပေးရသေးတာကြောင့် ဘယ်အချိန်မှာ ဒုတိယအဆင့် လေ့ကျင့်ရေး စတင်မလဲ ဆိုတာကို မသိရတာ ဖြစ်ပါတယ်။ တတိယအဆင့် လေ့ကျင့်ရေးမှာတော့ လေ့ကျင့်ရေးဆင်းရုံသာ မဟုတ်တော့ဘဲ ပြိုင်ပွဲကို ပြန်လည် စတင်ရမှာပဲ ဖြစ်ပြီး ပရီးမီးယားလိဂ် အဖဲ့ွချုပ်က လက်ရှိရာသီကို လာမယ့် ဇွန်လ အလယ်လောက်မှာ ပြန်လည် စတင်သွားမှာ ဖြစ်တယ်လို့ အသိပေး ဖော်ပြသွားခဲ့ပါတယ်။ ကစားသမားတွေဟာ အရင်က တစ်ဦးချင်း လေ့ကျင့်ရေးဆင်းခဲ့ကြပြီး အခုအချိန်မှာတော့ (၅) ယောက် ပါတဲ့ အုပ်စုလိုက် လေ့ကျင့်ရေးကို ပြန်လည် စတင်သွားတော့မှာ ဖြစ်ပါတယ်။