ဒီနွေရာသီ အပြောင်းအရွှေ့ဈေးကွက်အတွင်းမှာ ကစားသမားသစ် ခေါ်ယူမှုတွေ လုံးဝ လုပ်ဆောင်ထားခြင်း မရှိသေးတဲ့ လီဗာပူးလ်အသင်းဟာ သူတို့ရဲ့ ကွင်းလယ်ကစားသမားဖြစ်သူ ဝါသာရူ အန်ဒိုအတွက် မာဆေးလ်အသင်းဘက်က ကမ်းလှမ်းမှု လုပ်ဆောင်လာခြင်းကို ငြင်းဆန် ပယ်ချထားခဲ့တယ်လို့ သတင်းတွေမှာ ဖော်ပြလာပါတယ်။

ပြီးခဲ့တဲ့ရာသီက ဖာဘင်ဟို ဟန်ဒါဆန် မီနာ ချိန်ဘာလိန် ကီတာတို့ကို ရောင်းချခဲ့ပြီး ဒီကစားသမားတွေရဲ့ နေရာ ဆိုဘော့ဇ်ဆလိုင်း မက်အယ်လစ္စတာ ဂရာဗန်ဘတ်ချ် အန်ဒိုတို့နဲ့ ပြန်လည် အစားထိုးခဲ့ပြီး ဒီထဲကမှ ဂျပန် ကွင်းလယ်ကစားသမား အန်ဒိုက မထင်မှတ်ပဲ လီဗာပူးလ် ကွင်းလယ်ပိုင်းအတွက် အားထားရတဲ့ ကစားသမား ဖြစ်လာခဲ့ပါတယ်။

Photo Credit : Goal

တကယ်တော့ လီဗာပူးလ်အသင်းက သူတို့ရဲ့ အဓိက ပစ်မှတ်ကစားသမားတွေဖြစ်တဲ့ ကိုင်စီဒိုနဲ့ လာဗီယာတို့ကို မခေါ်နိုင်ခဲ့တာမို့ အသက် (၃၁)နှစ်အရွယ် ဂျပန်လက်ရွေးစင် ကွင်းလယ်ကစားသမား အန်ဒိုကိုသာ စတုဂတ်ကနေ ပေါင် (၁၆)သန်းနဲ့ ခေါ်ယူခဲ့ရတာဖြစ်ပြီး အန်ဒိုကလည်း လီဗာပူးလ်မှာ မထင်ထားလောက်အောင် ခြေစွမ်းပြနိုင်ခဲ့ပါတယ်။

ဒီလို ခြေစွမ်းကောင်းမျိုး ပြသနိုင်ခဲ့တဲ့ ကွင်းလယ်ခံစစ် ကစားသမား အန်ဒိုကို နည်းပြ ရောဘတ်တို ဒီဇာဘီက သူရဲ့ ကလပ်အသင်းသစ် မာဆေးလ်အသင်းဆီ ခေါ်ဆောင်သွားဖို့ စိတ်ဝင်စားလာခဲ့ပြီး တခြားသော ကလပ်အသင်းတွေကလည်း ဂျပန်ကစားသမားကို စိတ်ဝင်စားမှုတွေ ပြသလာခဲ့ပါတယ်။

Photo Credit : The New York Times

ကလပ်အသင်းများစွာက စိတ်ဝင်စားနေတဲ့ အန်ဒိုကို လက်ဦးမှု ရယူနိုင်ဖို့အတွက် မာဆေးလ်အသင်းဘက်က ပေါင် (၁၂)သန်းတန် ကနဦး ကမ်းလှမ်းချက်ကို စတင် လုပ်ဆောင်လာခဲ့ပေမယ့် ကစားသမားသစ်တောင် မဖြည့်တင်းရသေးတဲ့ လီဗာပူးလ်ကတော့ အန်ဒိုအတွက် ကမ်းလှမ်းချက်ကို လုံးဝ ငြင်းဆန်သွားခဲ့ပါတယ်။

လီဗာပူးလ်အနေနဲ့ ဒီနွေမှာ သီယာဂို အယ်လ်ကန်တာရာလို ကွင်းလယ်ကစားသမား တစ်ဦးကိုလည်း အသင်းနဲ့ စာချုပ်သက်တမ်း ပြည့်သွားလို့ လက်လွတ်ထားခဲ့ရတာ ဖြစ်သလို အသင်းရဲ့ ကွင်းလယ်ပိုင်းအတွက်လည်း ကွင်းလယ်လူတစ်ဦးခန့်လောက် ထပ်မံ ဖြည့်တင်းသွားရဖို့လည်း ရှိနေတာကြောင့် အန်ဒိုကို ရောင်းချဖို့ထက် ကစားသမား ခေါ်ယူဖို့ကိုသာ လုပ်ဆောင်သွားဖွယ် ရှိနေပါတယ်။