MySport Myanmar

မာနေးအတွက် ဘိုင်ယန်ရဲ့ ဒုတိယမြောက် ကမ်းလှမ်းမှုကို ထပ်မံ ပယ်ချခဲ့တဲ့ လီဗာပူးလ်

ဘိုင်ယန်မြူးနစ်အသင်းဟာ လီဗာပူးလ်အသင်းကနေ ထွက်ခွာသွားတော့မယ့် ဆီနီဂေါ တိုက်စစ်ကစားသမား ဆာဒီယိုုမာနေးကို ခေါ်ယူသွားဖို့အတွက် ကနဦးကမ်းလှမ်းချက် ပြုလုပ်လာခဲ့ပေမယ့် ပယ်ချခံခဲ့ရလို့ ဒုတိယတစ်ကြိမ် ကမ်းလှမ်းမှုကို ထပ်မံလုပ်ဆောင်လာခဲ့ရာမှာလည်း အဆိုပါ ကမ်းလှမ်းချက်ကိုပါ လီဗာပူးလ်ဘက်ကနေ ထပ်ဆင့်ပယ်ချသွားခဲ့တယ်လို့ သိရှိရပါတယ်။

Photo Credit : Eurosport

အခုနှစ် နွေဈေးကွက်ထဲမှာ အသင်းရဲ့ အဓိက တိုက်စစ်ကစားသမား ရောဘတ်လီဝန်ဒေါစကီးကို ဆုံးရှုံးသွားရဖွယ် ရှိနေတဲ့ ဘိုင်ယန်မြူးနစ်အသင်းဟာ လီဝန်ဒေါစကီးနေရာအတွက် မာနေးကို အစားထိုး ခေါ်ယူသွားချင်နေပြီး ပထမဆုံး ကမ်းလှမ်းချက်အဖြစ် ပေါင်(၂၁)သန်းနဲ့ အပါအဝင် ဘိုင်ယန်အနေနဲ့ ချန်ပီယံလိဂ်ဖလား ပိုင်ဆိုင်ခဲ့မယ်ဆိုရင် မာနေးအတွက် အပိုဆုကြေး ပေါင်(၄.၆)သန်းနဲ့ စုစုပေါင်း ပေါင်(၂၅.၆)သန်းနဲ့ ကမ်းလှမ်းလာခဲ့ရာ လီဗာပူးလ်အသင်းဘက်က ဒီကမ်းလှမ်းချက်ကို ချက်ချင်း ပယ်ချသွားခဲ့ပါတယ်။

Photo Credit : Football 365

ဒီလို ပယ်ချခံခဲ့ရတဲ့ ဘိုင်ယန်မြူးနစ်အသင်းဟာ မာနေးအတွက် နောက်တစ်ကြိမ် ကမ်းလှမ်းမှုအဖြစ် ပေါင်သန်း(၃၀)နဲ့ ထပ်မံကမ်းလှမ်းလာခဲ့ရာ ဒီကမ်းလှမ်းချက်ကိုပါ လီဗာပူးလ်ဘက်က ထပ်ပြီးပယ်ချသွားခဲ့ပြန်ပါတယ်။ ဘိုင်ယန်ဟာ မာနေးအတွက် ကနဦး ကမ်းလှမ်းချက် ပေါင်(၂၁)သန်းမှာ ပေါင်(၂.၅)သန်း ထပ်တိုးခဲ့ပြီး ပေါင်(၂၃.၅)သန်းနဲ့ ကမ်းလှမ်းခဲ့သလို အပိုဆုကြေးမှာတော့ ပေါင်(၂.၅)သန်းကနေ ပေါင်(၆.၅)သန်းထိ ပေးချေသွားဖို့ပါ ကမ်းလှမ်းခဲ့တာ ဖြစ်ပါတယ်။ ဒီကမ်းလှမ်းမှုက ရုတ်တရက်ဆိုရင် ပုံမှန်ကမ်းလှမ်းမှုလို့ ထင်ရပေမယ့်လည်း ဘိုင်ယန်ဘက်က အပိုဆုကြေးအတွက် သတ်မှတ်ချက်တာက မာနေးကို စာချုပ်ချုပ်ဆိုသွားမယ့် (၃)နှစ်တာအတွင်းမှာ ဘိုင်ယန်ဘက်က အဲ့ဒီ(၃)နှစ်အတွင်း နှစ်တိုင်း ချန်ပီယံလိဂ်ဖလားကို ဆွတ်ခူးနိုင်ရမယ်လို့ သတ်မှတ်ထားတဲ့အပြင် မာနေးအနေနဲ့ပါ ဘိုင်ယန်မှာ ပါဝင်ကစားနေစဉ်အတွင်း နှစ်တိုင်း Ballon d’Or ဆုကို ဆွတ်ခူးရမယ်ဆိုတဲ့ ထူးထူးခြားခြား သတ်မှတ်ချက်ကြီးပါ ပါဝင်နေတဲ့အတွက် ဒီကမ်းလှမ်းချက်ကို လီဗာပူးလ်အသင်းက ငြင်းဆန်သွားခဲ့တာ ဖြစ်ပါတယ်။ လီဗာပူးလ်အသင်းကတော့ မာနေးအတွက် ပြောင်းရွှေ့ကြေး ပေါင်(၄၃)သန်းနဲ့ ကမ်းလှမ်းလာမှသာ ကမ်းလှမ်းမှုကို လက်ခံသွားဖွယ် ရှိနေပြီး ဒီလို ကမ်းလှမ်းမှု မရှိရင်တော့ မာနေးကို အသင်းမှာပဲ စာချုပ်သက်တမ်း ကုန်ဆုံးမယ့်ချိန်ထိ ဆက်ထားဖွယ် ရှိနေပါတယ်။

Exit mobile version