ဒီနှစ် နွေရာသီ အပြောင်းအရွေ့ စျေးကွက်အတွင်းမှာ လီဗာပူးလ်အသင်းကနေ ထွက်ခွာသွားချင်နေတဲ့ ဆီနီဂေါတိုက်စစ်ကစားသမား ဆာဒီယိုမာနေးအတွက် ဘိုင်ယန်မြူးနစ်အသင်းက ပေါင်(၂၅)သန်းနဲ့ ကနဦး ကမ်းလှမ်းမှုတစ်ရပ် စတင်လုပ်ဆောင်ခဲ့ပေမယ့် ဒီကမ်းလှမ်းမှုကို လီဗာပူးလ်ဘက်က ပယ်ချသွားခဲ့ပါတယ်။

ဆီနီဂေါလက်ရွေးစင် တိုက်စစ်ကစားသမား မာနေးဟာ ဒီနှစ်နွေမှာ လီဗာပူးလ်အသင်းကနေ ထွက်ခွာသွားဖို့နဲ့ သူ့ကို အလိုရှိနေတဲ့ ဘိုင်ယန်အသင်းဆီ ပြောင်းရွှေ့ကစားဖို့ အတော်လေး သတင်းထွက်နေသူ ဖြစ်ပါတယ်။ အသင်းနဲ့လည်း စာချုပ်သက်တမ်း တစ်နှစ်သာ ကျန်ရှိနေတော့တဲ့ မာနေးကို ဘွန်ဒစ်လီဂါ ချန်ပီယံကြီး ဘိုင်ယန်မြူးနစ်ဘက်က ပြောင်းရွှေ့ကြေး ပေါင်(၂၁)သန်း+အပိုဆုကြေး ပေါင်(၄)သန်းဆိုတဲ့ ကမ်းလှမ်းမှုမျိုးနဲ့ စတင်ကမ်းလှမ်းလာခဲ့ရာ ဒီကမ်းလှမ်းမှုကို လီဗာပူးလ်အသင်းက လက်မခံနိုင်ခဲ့ပဲ ပယ်ချသွားခဲ့တယ်လို့ The Times ကနေ ဖော်ပြလာခဲ့ပါတယ်။

အသက်(၃၀)အရွယ်ရှိ မာနေးဟာ လီဗာပူးလ်အသင်းရဲ့ အဓိကကျလှတဲ့ ကစားသမားတစ်ဦးဖြစ်ပြီး အသင်းကို စတင်ရောက်ရှိလာချိန်ကတည်းက လီဗာပူးလ်အတွက် အကောင်းဆုံး စွမ်းဆောင်ထားပေးနိုင်ခဲ့သလို အသင်းနဲ့လည်း ချန်ပီယံလိဂ်ဖလား ဥရောပစူပါဖလား ဖီဖာကလပ်ကမ္ဘာ့ဖလား ပရီးမီးယားလိဂ်ဖလား အက်အေဖလား လိဂ်ဖလားတို့ ပိုင်ဆိုင်နိုင်ခဲ့သလို ချန်ပီယံလိဂ်မှာလည်း ဒုတိယဆုကို (၂)ကြိမ်ထိ ရယူနိုင်ခဲ့ပါတယ်။ လက်ရှိမှာ အသင်းနဲ့ တစ်နှစ်စာချုပ်သာ ကျန်ရှိနေတော့တဲ့အချိန် အသင်းနဲ့ သက်တမ်းတိုးဖို့ထက် အသင်းကနေ ထွက်ခွာသွားဖို့ကိုသာ ဆန္ဒရှိလာခဲ့တာ ဖြစ်ပါတယ်။ ဒီလိုအခြေအနေမှာ ရောဘတ်လီဝန်ဒေါစကီးကို လက်လွတ်သွားရတော့မယ့် ဘိုင်ယန်မြူးနစ်အသင်းက မာနေးကို အရခေါ်ယူချင်လာခဲ့ပြီး ကမ်းလှမ်းမှုတွေ စတင်လုပ်ဆောင်လာခဲ့ပေမယ့် လီဗာပူးလ်ဘက်က အလိုရှိနေတဲ့ တန်ကြေးပမာဏမျိုး မဖြစ်သေးတဲ့အတွက် ကမ်းလှမ်းချက်ကို ပယ်ချထားခဲ့သလို ဘိုင်ယန်ဘက်ကသာ မာနေးအတွက် ကမ်းလှမ်းမှုကို ထပ်မံတိုးမြှင့်ပေးလာခြင်း မရှိဘူးဆိုရင်တော့ မာနေးကို သူရဲ့စာချုပ်သက်တမ်း ကုန်ဆုံးချိန်ထိ အသင်းမှာပဲ ဆက်လက်ထားရှိသွားနိုင်ပါတယ်။