သြစတြီးယားနိုင်ငံမှာ ရာသီကြိုလေ့ကျင့်ခန်းအစီအစဉ်တွေ လုပ်ဆောင်နေကြတဲ့ ၂၀၁၉-၂၀၂၀ ပရီးမီးယားလိဂ်ချန်ပီယံ လီဗာပူးလ်အသင်းရဲ့ဆေးစစ်မှုရလဒ်တွေအရ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံနေရမှုအဖြစ် တစ်ဦးတစ်ယောက်ဆီမှာ တွေ့ရှိခဲ့ရပြီး လက်ရှိထွက်ပေါ်နေတဲ့ သတင်းတွေအရတော့ အခုလို ဗိုင်းရပ်စ်ကူးစက်ခံနေရသူဟာ ကစားသမားလား အသင်းရဲ့ဝန်ထမ်းလား နည်းပြအဖွဲ့ဝင်လားဆိုတာကို သေချာမသိရှိရသေးသလို နာမည်နဲ့တကွ ဖော်ပြမှုလည်း မရှိသေးဘူးလို့ သိရှိရပါတယ်။

Photo Credit : Liverpool’s Twitter

လီဗာပူးလ်အသင်းဟာ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ (၁၆)သင်းအဆင့် ရှံးထွက်ပွဲစဉ်မှာပဲ စောစောစီးစီး လှည့်ပြန်ထားခဲ့ရတာဖြစ်လို့ လာမယ့်ရာသီသစ်အတွက်ကိုပဲ ပြင်ဆင်နေရပြီး အသင်းသားတွေနဲ့အတူ သြစတြီးယားနိုင်ငံမှာ ဆာလ်ဇ်ဘာ့ဂ်မြို့အတွင်းမှာ ရာသီကြို လေ့ကျင့်ခန်းအစီအစဉ်တွေကို လုပ်ဆောင်နေတာဖြစ်ပါတယ်။ ကနဦးတုန်းက လီဗာပူးလ်အသင်းဟာ ပြင်သစ်နိုင်ငံမှာ လေ့ကျင်းခန်းဆင်းဖို့ စီစဉ်ထားခဲ့ပေမယ့် ဗိုင်းရပ်စ်ကူးစက်မှုတွေ ရှိနေသေးတဲ့အတွက် သြစတြီးယားနိုင်ငံကို ပြောင်းလဲရွေးချယ်ခဲ့ရတာဖြစ်တယ်လို့ သိရပါတယ်။

Photo Credit : Liverpool’s Twitter

သြစတြီးယားနိုင်ငံရဲ့ဒေသတွင်း သတင်းဌာန Kornez Zeitung ကနေ ဖော်ပြလာချက်များအရ သြစတြီးယားမှာ လေ့ကျင့်ခန်းဆင်းနေတဲ့ လီဗာပူးလ်အသင်းအတွင်း ကိုဗစ်ကူးစက်ခံထားရသူ တစ်ဦးရှိနေပြီး ဘယ်သူဘယ်ဝါဆိုတာကို ထုတ်ဖော်ထားခြင်းမရှိသေးဘူးလို့ သိရှိရပါတယ်။ လီဗာပူးလ်အသင်းဟာ လာမယ့် (၂၉)ရက်နေ့မှာ အက်အေဖလားချန်ပီယံ အာဆင်နယ်အသင်းနဲ့အတူ ရာသီသစ် ကွန်မြူနတီဒိုင်းပွဲကို ဆင်နွဲရတော့မှာဖြစ်ပြီး နှစ်ပတ်အကြာမှာ ပရီးမီးယားလိဂ် ရာသီအစပွဲစဉ်တွေကို ဆက်တိုက်ဆင်နွဲရတော့မှာဖြစ်လို့ အခုလို ရာသီကြို လေ့ကျင့်ခန်းအစီအစဉ်တွေကို လုပ်ဆောင်နေရတာဖြစ်ပြီး အခုလို ဗိုင်းရပ်စ်ကူးစက်ခံရတာဟာ အသင်းအတွက်တော့ စိုးရိမ်စရာ ဖြစ်လာနိုင်ပါတယ်။ လီဗာပူးလ်အသင်းဟာ လာမယ့်ရာသီအတွက် ကစားသမားသစ်အဖြစ် တစ်ယောက်တည်းကိုသာ ခေါ်ယူထားခဲ့ရပြီး ဒီကစားသမားကတော့ အိုလံပီယာကော့စ်အသင်းရဲ့ဂရိလက်ရွေးစင် ဘယ်နောက်ခံကစားသမား ဆီမီကက်စ်ဖြစ်ကာ နောက်ထပ်ကစားသမားတွေ ခေါ်ယူနိုင်ဖို့ကတော့ အသင်းရဲ့ဘက်ဂျတ်အခြေအနေတွေကြောင့် ခက်ခဲဖွယ်ရှိနေပါတယ်။