လီဗာပူးလ်အသင်းဟာ လာမယ့် ၂၀၂၂ခုနှစ် ဇန်နဝါရီလမှာ ပြန်လည်ဖွင့်လှစ်သွားမယ့် ဆောင်းရာသီ ဘောလုံးသမား အပြောင်းအရွှေ့စျေးကွက်အတွင်း ရီးယဲလ်မက်ဒရစ်အသင်းရဲ့ စပိန်ကွင်းလယ်ကစားသမား မားကို့စ်အဆန်စီယိုကို ပြောင်းရွှေ့ကြေး ပေါင်(၂၆)သန်းဝန်းကျင်လောက်နဲ့ ကမ်းလှမ်းမှုတွေ စတင်လုပ်ဆောင်သွားဖို့ အဆင့််သင့် ဖြစ်လို့နေပြီဖြစ်တယ်လို့ Todofichajes သတင်းမီဒီယာကနေ ဖော်ပြလာခဲ့ပါတယ်။

Photo Credit : Managing Madrid

အသက်(၂၅)နှစ်အရွှယ်ရှိ စပိန်ကွင်းလယ်ကစားသမား အဆန်စီယိုဟာ ရီးယဲလ်မှာ ပုံမှန်နေရာ ပျောက်ဆုံးလျက် ရှိလို့နေပြီး ဒီရာသီအတွင်းမှာလည်း လာလီဂါပြိုင်ပွဲ(၃)ပွဲလုံးကို ပါဝင်ထားရပေမယ့် တစ်ပွဲမှကို ပွဲထွက်ကစားသမားအဖြစ် မပါဝင်ထားရပဲ အရန်ကစားသမားအဖြစ် (၃)ပွဲလုံးကို ကစားထားရပါတယ်။ ဒီလို အခြေအနေတွေအပေါ် ကစားသမားကိုယ်တိုင်က စိတ်ပျက်လျက် ရှိနေတဲ့အတွက် လာမယ့်ဆောင်းစျေးကွက်မှာပဲ အသင်းကနေ ထွက်ခွာနိုင်ဖွယ် ရှိနေတာကြောင့် အခုလို လီဗာပူးလ်အသင်းဘက်ကနေ ခေါ်ယူသွားဖို့ စတင်လှုပ်ရှားလာခဲ့တာ ဖြစ်ပါတယ်။

Photo Credit : The Real Champs

ရီးယဲလ်ကနေ ထွက်ခွာသွားဖို့ အဆင့်သင့် ဖြစ်လို့နေတဲ့ ကွင်းလယ်လူ အဆန်စီယိုကို လီဗာပူးလ်အသင်းအပြင် စပါးအသင်းကနေ ခေါ်ယူချင်နေပြီး အေစီမီလန်အသင်းကလည်း စောင့်ကြည့်လျက် ရှိနေပါတယ်။ ဒါပေမယ့် ကစားသမားကိုယ်တိုင်ကတော့ စပါးအသင်းထက် မီလန်ကိုသာ ရွေးချယ်ဖွယ် ရှိနေပြီး လီဗာပူးလ်အသင်းကပါ သူ့ကို အလိုရှိနေတဲ့ အသင်းတွေထဲမှာ ထပ်တိုးပါဝင်လာတာကြောင့် အဆန်စီယိုအနေနဲ့ သူရဲ့ရွေးချယ်မှုကို ပြန်လည်ပြင်ဆင်ဖွယ် ရှိနေပါတယ်။ ဘာကြောင့်လဲဆိုတော့ လီဗာပူးလ်အသင်းဟာ နယ်သာလန် ကွင်းလယ်ကစားသမား ဝိုင်နယ်ဒန်ကို အသင်းကနေ လက်လွတ်ထားရပြီးကတည်းက သူရဲ့နေရာအတွက် ကစားသမားသစ် အစားထိုး ခေါ်ယူမှုတွေ မလုပ်ဆောင်ထားတာကြောင့် အဆန်စီယိုကိုသာ ခေါ်ယူဖြစ်မယ်ဆိုရင် အသင်းရဲ့ ကွင်းလယ်ပိုင်းမှာ ပုံမှန်နေရာတစ်ခု ပေးလာနိုင်သလို အဆန်စီယိုအနေနဲ့လည်း ပရီးမီးယားလိဂ်မှာ အတွေ့အကြုံကောင်းတွေ ရယူနိုင်မှာ ဖြစ်ပါတယ်။ ဒါပေမယ့် ရီးယဲလ်မက်ဒရစ်ဘက်ကတော့ သူတို့ရဲ့ ကစားသမားအတွက် ပြောင်းရွှေ့ကြေးကို ပေါင်(၃၄)သန်းလောက်အထိ အလိုရှိနေပြီး လီဗာပူးလ်ဘက်ကလည်း ပေါင်(၂၆)သန်းနဲ့သာ ကမ်းလှမ်းချင်နေတာကြောင့် ပြောင်းရွှေ့ကြေးပိုင်းကို ဆက်လက်ညှိနှိုင်းရဖွယ် ရှိနေပါတယ်။