ပြီးခဲ့တဲ့ရက်ပိုင်းကမှ လီဗာပူးလ်အသင်းနဲ့ အပြောင်းအရွှေ့ကောလဟာလတွေ ထွက်ပေါ်လာခဲ့တဲ့ လိုင်လီအသင်းရဲ့ ပေါ်တူဂီကွင်းလယ်ကစားသမား ရီနာတိုဆန်းချက်စ်ဟာ အခုလက်ရှိမှာတော့ လီဗာပူးလ်အသင်းကို ပြောင်းရွှေ့ကစားဖို့အတွက် ပြောင်းရွှေ့ကြေး ပေါင်(၁၈)သန်းနဲ့ သဘောတူညီမှုုကိုပါ ရယူနိုင်ခဲ့တယ်လို့ပါ သတင်းထွက်လာခဲ့ပြီး ဆန်းချက်စ်ကို အသင်းမှာ အနာဂတ် မသေချာတော့တဲ့ နယ်သာလန်ကွင်းလယ်လူ ဝိုင်နယ်ဒန်ရဲ့နေရာမှာ အစားထိုးဖို့အတွက် စီစဉ်ထားတာဖြစ်တယ်လို့ သိရှိရပါတယ်။

Photo Credit : Goal

အသက်(၂၃)နှစ်သာရှိသေးတဲ့ ပေါ်တူဂီကွင်းလယ်ကစားသမား ရီနာတိုဆန်းချက်စ်ဟာ ပေါ်တူဂီအသင်း ၂၀၁၆ ယူရိုဖလားကို ဗိုလ်စွဲခဲ့တဲ့နှစ်မှာပဲ စတင်ထွန်းတောက်လာခဲ့တဲ့ ကစားသမားတစ်ယောက်ဖြစ်ကာ အဲ့ဒီပြိုင်ပွဲကြီးအပြီးမှာပဲ ဘင်ဖီကာကနေ ဘိုင်ယန်မြူးနစ်ဆီ ပြောင်းရွှေ့ခွင့်ရခဲ့ကာ ဘိုင်ယန်မှာ ခြေမပေါ်ခဲ့တာကြောင့် ၂၀၁၇ခုနှစ်မှာတော့ ဆွမ်ဆီးအသင်းဆီကို အငှားစာချုပ်နဲ့ အံ့အားသင့်စဖွယ် ရောက်ရှိလာခဲ့ရပါတယ်။ ဆန်းချက်စ်ဟာ လက်ရှိမှာတော့ လီဂူးကလပ် လိုင်လီအသင်းမှာ ပါဝင်ကစားနေလျက်ရှိပြီး လိုင်လီအသင်းမှာ ခြေစွမ်းပိုင်း ပြန်လည်တည်ငြိမ်လျက်ရှိနေတာကြောင့် သူ့ကို လီဗာပူးလ်အသင်းကနေ စိတ်ဝင်စားလာခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

Photo Credit : Goal

လီဗာပူးလ်အသင်းနဲ့ အပြောင်းအရွှေ့သတင်းတွေ စတင်ထွက်ပေါ်လာချိန်မှာတော့ လိုင်လီဘက်က သူတို့ကစားသမားအတွက် ပြောင်းရွှေ့ကြေးကို ပေါင်(၄၅)သန်းဝန်းကျင်လောက်အထိ မျှော်လင့်ခဲ့ပေမယ့်လည်း ကိုဗစ်ကြောင့် စီးပွားရေးထိခိုက်နေရတဲ့ ဘောလုံးအသင်းတွေထဲမှာ လိုင်လီလည်း ပါဝင်နေတာကြောင့် လာမယ့်ဆောင်းရာသီစျေးကွက်အတွင်းမှာပဲ ဆန်းချက်စ်ကို ယူရိုသန်း(၂၀)ဝန်းကျင်လောက်နဲ့ ရောင်းချဖို့ သဘောတူခဲ့တာဖြစ်တယ်လို့ Tuttomercatoweb ကနေ ဖော်ပြလာခဲ့ပါတယ်။ လီဗာပူးလ်အသင်းကတော့ ဆန်းချက်စ်ကို အသင်းနဲ့ လက်တွဲဖြုတ်သွားဖို့ နီးစပ်လျက်ရှိနေတဲ့ ကွင်းလယ်ကစားသမား ဝိုင်နယ်ဒန်ရဲ့နေရာမှာ အစားထိုးသွားချင်နေတာဖြစ်ပြီး ဆန်းချက်စ်ကိုယ်တိုင်ကလည်း ပရီးမီးယားလိဂ်မှာ ကျင်လည်ခဲ့ဖူးသူဖြစ်လို့ အသင်းနဲ့ အလျင်အမြန် အံ့ဝင်နိုင်ဖွယ် ရှိနေပါတယ်။ လီဗာပူးလ်ဘက်ကတော့ ဆန်းချက်စ်အပြင် ဘရိုက်တန်အသင်းရဲ့ ကွင်းလယ်ကစားသမားတစ်ယောက်ဖြစ်တဲ့ ဘစ်ဆူးမားကိုလည်း ပစ်မှတ်ထားလျက်ရှိနေတယ်လို့ သိရှိရပါတယ်။