လီဗာပူးလ်အသင်းကတော့ လာမယ့်နွေမှာ အသင်းရဲ့ တိုက်စစ်ပိုင်းကို အင်အား ဖြည့်တင်းသွားဖို့အတွက် ဘရိုက်တန်အသင်းရဲ့ ဘရာဇီးလ် တိုက်စစ်ကစားသမား ဂျာအို ပတ်ဒရိုကို ခေါ်ယူသွားဖို့ ပြင်ဆင်လျက် ရှိနေတယ်လို့ သတင်းထွက်ပေါ်လာခဲ့ပါတယ်။
လီဗာပူးလ်က လက်ရှိမှာ တိုက်စစ်ပိုင်းထဲ ဆာလာ ဂျိုတာ ဒီးယက်ဇ် နူးညက်ဇ် ဂက်ပိုတို့ ရှိနေပေမယ့် နူးညက်ဇ်ရဲ့ ခြေစွမ်းပိုင်းက သိပ်အားရစရာ အနေအထားမှာ ရှိမနေသလို ဆာလာရဲ့ စာချုပ်အနေအထားကလည်း အသေအချာ မသိရသေးတာကြောင့် တိုက်စစ်ကစားသမား တစ်ဦးခန့်လောက် အားဖြည့်သွားချင်နေတာ ဖြစ်ပါတယ်။
Photo Credit : The Sun
လီဗာပူးလ် ပစ်မှတ်ထားနေတဲ့ တိုက်စစ်ကစားသမားတွေ အများအပြားထဲကမှ လတ်တလော အသင်းနဲ့ သတင်းအထွက်ဆုံး ဖြစ်နေတာကတော့ အသက် (၂၃)နှစ်အရွယ် ဘရိုက်တန် တိုက်စစ်ကစားသမား ဂျာအို ပတ်ဒရိုပဲ ဖြစ်ပါတယ်။ ဖလူမင်နိစ်နဲ့ ဝက်ဖို့ဒ် ကစားသမားဟောင်းက ဒီရာသီမှာ ဘရိုက်တန်အတွက် (၄)ဂိုးသွင်း (၃)ဂိုးဖန်တီးပေးထားခဲ့ပါတယ်။
၂၀၂၀ ဇန်နဝါရီကမှ ဝက်ဖို့ဒ်အသင်းဆီ ရောက်လာရင်း ဥရောပ ဘောလုံးနယ်မြေမှာ ကစားသမားဘဝကို စတင် ဖြတ်သန်းခွင့် ရရှိခဲ့တဲ့ ဂျာအို ပတ်ဒရိုက (၃)ရာသီခွဲ ကစားခဲ့ပြီးချိန်မှာတော့ ဘရိုက်တန်အသင်းဆီ ကလပ်စံချိန်တင် ပြောင်းရွှေ့ကြေး ပေါင်သန်း(၃၀)နဲ့ ပြောင်းရွှေ့ခဲ့ပါတယ်။
Photo Credit : The New York Times
ဘရိုက်တန် ကစားသမားဘဝ ပွဲဦးထွက်ရာသီမှာ ဂိုး(၂၀)တောင် သွင်းယူနိုင်ခဲ့တဲ့ ဂျာအို ပတ်ဒရိုက ဘရိုက်တန်အတွက် အဓိက ကစားသမားတစ်ယောက် ဖြစ်လာခဲ့ရသလို အခု နည်းပြဟူဇလာ လက်ထက်မှာလည်း ပတ်ဒရိုက အသင်းမှာ နောက်ချန်တိုက်စစ် အထောင်တိုက်စစ်နဲ့ ကွင်းလယ်တိုက်စစ် နေရာတွေအထိပါ ကစားခဲ့ရပါတယ်။
ဒီလို နေရာအစုံမှာ စွမ်းဆောင်မှုကောင်းတွေ ပြသနေတဲ့ ဂျာအို ပတ်ဒရိုကို အာဆင်နယ်နဲ့ လီဗာပူးလ်အသင်းတို့က အပြိုင် စိတ်ဝင်စားလာကြပြီး လီဗာပူးလ်ကလည်း လာမယ့် ဇန်နဝါရီ ဆောင်းဈေးကွက် ဖွင့်ချိန်မှာ ဂျာအို ပတ်ဒရို အပြောင်းအရွှေ့နဲ့ ပတ်သက်ပြီး ဆွေးနွေးမှုတွေ စတင် လုပ်ဆောင်သွားဖို့လည်း ရှိနေပါတယ်။