လီဗာပူးလ်အသင်းကတော့ အခု ဇန်နဝါရီ စျေးကွက်အတွင်းမှာ ဘာစီလိုနာအသင်းရဲ့ လူငယ်ကြယ်ပွင့် ကွင်းလယ်ကစားသမားလေး ဂါဗီကို သူလက်ရှိ ဘာစီလိုနာအသင်းမှာ ရရှိနေတဲ့ တစ်ပတ်လုပ်ခ လစာထက် အဆပေါင်း (၅၀)လောက် များပြားတဲ့ လစာမျိုးနဲ့ ကမ်းလှမ်းသွားဖို့ ပြင်ဆင်နေပြီး ဘာစီလိုနာအသင်းဘက်ကနေလည်း ဘဏ္ဍာရေး အကျပ်အတည်းတွေ ပြေလည်နိုင်ဖို့အတွက် ဂါဗီကို ရောင်းထုတ်ရဖွယ် ရှိနေတယ်လို့ သိရပါတယ်။
Photo Credit : Daily Mail
အသက်(၁၇)နှစ်အရွှယ်သာ ရှိနေသေးတဲ့ ဆယ်ကျော်သက်အရွှယ် လူငယ်ကစားသမားလေး ဂါဗီဟာ အသက်(၁၁)နှစ်အရွှယ်ကတည်းက ဘာစီလိုနာအသင်းရဲ့ လာမာစီယာ အကယ်ဒမီကို ရောက်ရှိနေခဲ့တာဖြစ်ပြီး ၂၀၂၁ခုနှစ်မှာပဲ ဘာစီလိုနာ စီနီယာအသင်းအတွက် ပွဲထွက်ခွင့်ရခဲ့သလို စပိန်လက်ရွေးစင်အသင်းမှာပါ ရွေးချယ်ခံထားရပါတယ်။ ဒါပေမယ့် ဘာစီလိုနာအသင်းက ဂါဗီကို ပရော်ဖက်ရှင်နယ် စာချုပ်ချုပ်ဆိုစဉ် ဂါဗီရဲ့ စာချုပ်လျှော်ကြေးအဖြစ် ယူရိုသန်း(၅၀)သာ သတ်မှတ်ထားမိခဲ့လို့ ဥရောပထိပ်တန်း ကလပ်အသင်းတွေကနေ ဂါဗီကို ယူရိုသန်း(၅၀)နဲ့ အရခေါ်ယူဖို့ စီစဉ်လာကြတာ ဖြစ်ပါတယ်။ ဒီအသင်းတွေထဲမှာ လီဗာပူးလ်အသင်းလည်း ပါဝင်လို့နေပါတယ်။
Photo Credit : Daily Mail
လီဗာပူးလ်အသင်းဘက်က စပိန် ဆယ်ကျော်သက် ကြယ်ပွင့်လေး ဂါဗီကို သူရဲ့စာချုပ်လျှော်ကြေးအတိုင်း ယူရိုသန်း(၅၀)အပြင် သူရဲ့တစ်ပတ်လုပ်ခကိုလည်း ယူရို(၉၆၀၀၀)အထိပါ ကမ်းလှမ်းသွားဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။ ဒါပေမယ့် ဂါဗီကို လီဗာပူးလ်အသင်းနဲ့အပြိုင် ပရီးမီးယားလိဂ် ထိပ်တန်းအသင်းကြီးတွေဖြစ်တဲ့ မန်စီးတီးနဲ့ ယူနိုက်တက်အသင်းတွေကလည်း အလိုရှိနေကြတဲ့အတွက် အပြိုင်ကမ်းလှမ်းမှုတွေ လုပ်ဆောင်နိုင်ရဖွယ် ရှိနေတဲ့အပြင် ဘာစီလိုနာအသင်းကလည်း သူတို့ရဲ့ အလားအလာကောင်းတဲ့ ကြယ်ပွင့်ကစားသမားလေးကို စာချုပ်သက်တမ်းတိုးမှုသာ ပြုလုပ်ချင်နေပြီး သူရဲ့စာချုပ်ဖျက်သိမ်းကြေးကိုပါ တိုးမြှင့်ချင်နေတာ ဖြစ်ပါတယ်။ ဒါပေမယ့် ဘာစီလိုနာအသင်းဟာ အသင်းရဲ့ ကစားသမားသစ် ဖယ်ရန်တောရက်စ်ကို ကစားသမား မှတ်ပုံတင်နိုင်ဖို့ လိုအပ်နေသေးပြီး အသင်းရဲ့ ကစားသမား ဖီးလစ်ကော်တင်ဟိုကို အက်စတွန်ဗီလာအသင်းဆီ အငှားချထားပြီးနောက်မှပါ တောရက်စ်ကို Register မလုပ်နိုင်သေးတဲ့အတွက် ဂါဗီကိုပါ ထပ်မံစွန့်လွှတ်ရနိုင်ဖွယ် ရှိနေရပါတယ်။