မနေ့ညက ပရီးမီးယားလိဂ်ပွဲစဉ်မှာ အိမ်ရှင်ချယ်လ်ဆီးအသင်းကို (၂)ဂိုး(၁)ဂိုးနဲ့ အရေးနိမ့်လိုက်ရတာကြောင့် မန်စီးတီးအသင်းဟာ သူတို့ရဲ့ ပရီးမီးယားလိဂ်ချန်ပီယံဆုကို လီဗာပူးလ်အသင်းဆီ လွဲပြောင်းပေးလိုက်ရပြီဖြစ်ပါတယ်။ ပွဲအပြီးမှာ မန်စီးတီးအသင်းရဲ့နည်းပြ ပတ်ဂွာဒီယိုလာ ချန်ပီယံဖြစ်သွားခဲ့တဲ့ လီဗာပူးလ်အသင်းကို ချီးကျူးစကားနဲ့ ဂုဏ်ပြုစကား ပြောဆိုခဲ့သလို သူတို့အသင်းမှာ လီဗာပူးလ်အသင်းရဲ့ စိတ်ဓါတ်ပြင်းပြမှုမျိုး မရှိခဲ့ဘူးလို့ ထုတ်ဖော်ပြောဆိုလို့သွားခဲ့ပါတယ်။

Photo Credit : Goal

လီဗာပူးလ်အသင်းက ရာသီအစကတည်းက ဘောလုံးရာသီတစ်ခုလုံးကို အကောင်းဆုံးဖြတ်သန်းခဲ့တာဖြစ်ပြီး ပွဲတိုင်းလိုလိုကိုလည်း သူတို့ရဲ့ဖိုင်နယ်ပွဲစဉ်လို သဘောထားကစားခဲ့တာဖြစ်ကြောင်းနဲ့ သူတို့အသင်းမှာတော့ ခံစစ်ပိုင်းပြသာနာတွေနဲ့ ရာသီအစမှာ ရလဒ်မကောင်းခဲ့တာကြောင့် (၃)ရာသီဆက်တိုက် အမှတ်ပေးချန်ပီယံဖြစ်မယ့်အရေးကနေ လက်လွတ်ခဲ့ရတာဖြစ်ကြောင်း ဂွာဒီယိုလာက ပြောဆိုသွားခဲ့ပါတယ်။ ဂွာဒီယိုလာက “ကျွန်တော်တို့အတွင်း ပြည်တွင်းဆုဖလားတွေကို (၈)နှစ်ဆက်တိုက်ထိ ပိုင်ဆိုင်ခဲ့တဲ့အသင်းပါ။ ဒီလိုမျိုးကို ဘယ်အသင်းမှလည်း မလုပ်ဆောင်ဖူးသေးသလို လုပ်ဆောင်နိုင်ဖို့ကလည်း ခက်ခဲနေမှာပါ”

Photo Credit : Ran

“ဒီရာသီမှာ ခုလိုဖြစ်ရတာကတော့ ကျွန်တော်တို့တွေ ကွန်ပနီကို ဆုံးရှံးခဲ့ရတာရော လာပေါ့တ် ဒဏ်ရာရသွားတာကြောင့်ပါ ပါဝင်ပါတယ်။ တကယ်လို့သာ ကျွန်တော်တို့တွေ ဒီနှစ်ရာသီမှာ ချန်ပီယံဆုကို ပိုင်ဆိုင်ခဲ့မယ်ဆိုရင်တောင် လီဗာပူးလ်ရဲ့ စိတ်ဓါတ်မျိုးတော့ ပြသနိုင်မှာတော့ မဟုတ်ပါဘူး။ (၂)ရာသီအတွင်း အသင်းနှစ်သင်းရဲ့ကြား အမှတ်ကွာဟချက်က အရမ်းကို ကွဲပြားသွားခဲ့ရတယ်။ ကျွန်တော်တို့အနေနဲ့ကလည်း ပြီးခဲ့တဲ့ရာသီလောက်ကလို မစွမ်းဆောင်နိုင်ခဲ့ပါဘူး။ လီဗာပူးလ်အသင်းက မနှစ်က ချန်ပီယံလိဂ်ဖလားကိုလည်း ရယူနိုင်သေးတာကြောင့် သူတို့အသင်းအတွက် ယုံကြည်မှုက ပိုအားကောင်းလာခဲ့ရတာပါ။ သူတို့က ဒီရာသီမှာလည်း ပွဲတိုင်းလိုလိုကို ဗိုလ်လုပွဲလို သဘောထားပြီး ကစားခဲ့တယ်။ ရာသီအစမှာ ကျွန်တော်တို့အသင်းက ကစားတာကလည်း အားနည်းချက်တွေ ရှိခဲ့ပါတယ်။ ချန်ပီယံဖြစ်သွားခဲ့တဲ့ လီဗာပူးလ်အသင်းကိုတော့ ချီးမွမ်းမိပါတယ်။ ဒါပေမယ့် ရာသီသိမ်းဖို့က ရက်သတ္တပတ်(၅)ပတ်လောက် လိုနေသေးတာဖြစ်လို့ ပွဲတိုင်းကို အနိုင်ကစားပြီး လီဗာပူးလ်အသင်းနဲ့ ကျွန်တော်တို့ကြား အမှတ်ကွာဟမှုကို လျော့ချသွားမှာပါ” လို့ ရှင်းလင်းပြောဆိုသွားခဲ့ပါတယ်။