လီဗာပူးလ်အသင်းရဲ့ အဓိကပစ်မှတ်ဖြစ်တဲ့ ပေါ်တို တောင်ပံတိုက်စစ်ကစားသမား လူးဝစ်ဒီယက်ဇ်ကို လတ်တလောမှာ မန်ချက်စတာယူနိုက်တက်နဲ့ တော့တင်ဟမ်ဟော့စပါးအသင်းတို့ကပါ အပြိုင်ကမ်းလှမ်းမှုတွေ ရှိလာခဲ့တဲ့အတွက် ဆောင်းရာသီ အပြောင်းအရွှေ့ စျေးကွက်မပိတ်သိမ်းခင် လက်ကျန် ရက်ပိုင်းလေးအတွင်းမှာပဲ ပေါ်တိုအသင်းဘက်ကနေ လက်ခံသွားနိုင်မယ့် ပြောင်းရွှေ့ကြေးတစ်ရပ်နဲ့ ကမ်းလှမ်းလာနိုင်တယ်လို့ ဒေးဗစ်အော်စတိန်းက The Athletic သတင်းမီဒီယာမှာ ဖော်ပြသွားခဲ့ပါတယ်။

Photo Credit : Sky Sports

အသက်(၂၅)နှစ် ကိုလံဘီယာလက်ရွေးစင် တောင်ပံကစားသမား ဒီယက်ဇ်ကို လီဗာပူးလ်အသင်းက စတင်စိတ်ဝင်စားခဲ့တာဖြစ်ပြီး ခေါ်ယူဖို့လည်း ပစ်မှတ်ထားခဲ့ပေမယ့် အသင်းရဲ့ အဓိက ကစားသမားတွေဖြစ်တဲ့ မိုဆာလာနဲ့ မာနေးတို့ရဲ့ စာချုပ်ကိစ္စတွေကို ဦးစားပေး ဆောင်ရွှက်နေရလို့ ဒီယက်ဇ်ရဲ့ အပြောင်းအရွှေ့မှာ လစ်ဟာသွားချိန် ယူနိုက်တက်အသင်းက ကင်းထောက်တွေနဲ့ ဒီယက်ဇ်ကို စောင့်ကြည့်လာခဲ့သလို စပါးအသင်းဆိုရင်လည်း ဒီယက်ဇ်ကို ခေါ်ယူဖို့ ပေါ်တိုအသင်းဆီကိုပါ တိုက်ရိုက်ဆက်သွယ် ကမ်းလှမ်းမှုတွေ ပြုလုပ်လာခဲ့ပါတယ်။

Photo Credit : The Athletic

ဒီအခြေအနေမှာ လီဗာပူးလ်အသင်းက သူတို့နဲ့ ဒီရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ အုပ်စုအဆင့်မှာ (၂)ကြိမ်တိုင် တွေ့ဆုံထားရတဲ့ ဒီယက်ဇ်ကို အခြားအသင်းတွေထက် လက်ဦးမှု ရယူနိုင်အောင် စျေးကွက်မပိတ်ခင်မှာပဲ ကမ်းလှမ်းမှုတစ်ခု လုပ်ဆောင်လာဖွယ် ရှိနေပါတယ်။ သတင်းအရင်းအမြစ်တွေရဲ့ ဖော်ပြချက်အရ လီဗာပူးလ်အသင်းဟာ ဒီယက်ဇ်ကို ပြောင်းရွှေ့ကြေး ယူရိုသန်း(၆၀)+အပိုဆုကြေးဆိုတဲ့ ကမ်းလှမ်းချက်မျိုးနဲ့ ကမ်းလှမ်းလာနိုင်ပြီး ဒီကမ်းလှမ်မှုကိုလည်း ပေါ်တိုဘက်က လက်ခံလာနိုင်တယ်လို့ ဖော်ပြထားပါတယ်။ စပါးအသင်းကလည်း ဝုလ်ဗ်တောင်ပံကစားသမား ထရာအိုရေးကို လက်လွတ်လိုက်ရချိန်မှာ ဒီယက်ဇ်ကို အာရုံစိုက်လာခဲ့ပြီး တရားဝင် ကမ်းလှမ်းမှုတွေ လုပ်ဆောင်ခဲ့ပေမယ့် ပေါ်တိုအသင်းဘက်ကတော့ ဒီကမ်းလှမ်းချက်တွေကို ပယ်ချထားတဲ့အတွက် ပြောင်းရွှေ့ကြေး ထပ်တိုးရဖွယ် ရှိနေပါတယ်။ လီဗာပူးလ်အသင်းဘက်ကတော့ ဆောင်းစျေးကွက်ထဲ ကစားသမား ခေါ်ယူမှုအတွက် ဒီယက်ဇ်တစ်ဦးတည်းကိုသာ စိတ်ဝင်စားနေတာ ဖြစ်ပေမယ့်လည်း စပါးအသင်းက ကစားသမား အများအပြားကို ပစ်မှတ်ထားနေခဲ့သလို အသင်းရဲ့ ကွင်းလယ်လူ အမ်ဒွန်ဘီလီနဲ့ ဒယ်လီအလီတို့ကိုပါ အသင်းကနေ ရှင်းထုတ်ဖို့ ပြင်ဆင်နေပါတယ်။