ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ လီဗာပူးအသင်းဟာ လာမယ့် နွေရာသီ အပြောင်းအရွှေ့မှာ သူတို့အသင်းရဲ့ တိုက်စစ်ပိုင်းကို အင်အားဖြည့်တင်းဖို့ အတွက် လိဒ်ယူနိုက်တက်ရဲ့ ဘရာဇီးလ် လက်ရွေးစင် တောင်ပံ ကစားသမား ရာဖင်ညာကို ခေါ်ယူဖို့ မျက်စိကျနေပါတယ်။

လီဗာပူးအသင်းဟာ လက်ရှိမှာ ဆာလာ ၊ ဖာမီနို ၊ မာနေး ၊ အော်ရီဂီ ၊ ဂျိုတာ စတဲ့ တိုက်စစ်မှူးတွေကို ပိုင်ဆိုင်ထားပေမယ့် ဖာမီနိုနဲ့ မာနေးတို့ရဲ့ ခြေစွမ်းပိုင်းဟာ ကျဆင်းလာသလို ဆာလာရဲ့ အနာဂတ်ကလည်း ရေရာမှု မရှိတာကြောင့် ရာဖင်ညာကို ခေါ်ယူဖို့ စီစဉ်နေတာပါ။

Photo Credit: Goal

အသက် ၂၄နှစ် အရွယ် ဘရာဇီးလ် လက်ရွေးစင် တောင်ပံ ကစားသမား ရာဖင်ညာဟာ ရန်းနက်စ်အသင်း ကနေ လိဒ်ယူနိုက်တက်ဆီ ရောက်ရှိလာပြီးနောက် ပရီးမီးယားလိဂ်မှာ သူ့ရဲ့ အကောင်းဆုံး ခြေစွမ်းတွေကို ထုတ်ပြထားနိုင်သူ ဖြစ်ပြီး ဘရာဇီးလ်အသင်း အတွက် ရွေးချယ်ခံရချိန်မှာလည်း ပွဲထွက်ခွင့်နဲ့ ထိုက်တန်တဲ့ ခြေစွမ်းတွေကို ပြသထားနိုင်ပါတယ်။

ရာဖင်ညာဟာ လိဒ်ယူနိုက်တက်အသင်း အတွက် နှစ်ရာသီ အတွင်းမှာ စုစုပေါင်း ၃၈ပွဲ ပါဝင် ကစားပေးထားရာ သွင်းဂိုး ၉ဂိုး သွင်းယူထားနိုင်ကာ ဂိုးဖန်တီးမှု ၉ကြိမ် ပြုလုပ်ထားနိုင်ခဲ့ပြီး အင်္ဂလန် ပရီးမီးယားလိဂ်ရဲ့ အလိမ်အခေါက် အကောင်းဆုံး ကစားသမား ၅ဦးစာရင်း ဝင်ထားသူပါ။

Photo Credit: Goal

လက်ရှိမှာတော့ လီဗာပူးအသင်းဟာ ရာဖင်ညာကို အခြားအသင်းတွေထက် လက်ဦးမှု ရယူကာ ခေါ်ယူဖို့ ကြိုးစားနေပြီး လီဗာပူးအသင်းရဲ့ ဘရာဇီးလ် နောက်ခံလူ ဖာဘင်ဟိုကလည်း ရာဖင်ညာကို သူ့ရဲ့အသင်းမှာ လာကစားဖို့ လူသိရှင်ကြား ဖိတ်ခေါ်ခဲ့ပါတယ်။

ရာဖင်ညာရဲ့ အေးဂျင့်ဖြစ်သူ ဒေကိုကတော့ သူ့ရဲ့ ကစားသမားကို လီဗာပူးအသင်းက ခေါ်ယူဖို့ စိတ်ဝင်စားနေကြောင်း ယနေ့မနက်ပိုင်းမှာ အတည်ပြုပေးခဲ့ပါတယ်။ ဒေကိုက – “ရာဖင်ညာကို ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ အသင်းတွေ အများကြီး ရှိနေပါတယ်။ လီဗာပူးအသင်းကလည်း သူ့ကို သဘောကျနေပြီး ဆွေးနွေးမှု တချို့တောင် ပြုလုပ်ခဲ့ပါသေးတယ်။ ဒါပေမယ့် တရားဝင် ကမ်းလှမ်းမှုတော့ မရှိသေးပါဘူး။ လိဒ်အသင်းကတော့ သူ့ကို နောက်ထပ် တရာသီ အသင်းမှာပဲ ဆက်ရှိစေချင်နေပါတယ်” လို့ ထုတ်ဖော် ပြောကြားခဲ့တာပါ။