လတ်တလော ဘောလုံးအေးဂျင့်တွေအားလုံးထဲမှာ ပေါ်ပြူလာအဖြစ်ဆုံး ဖြစ်နေရတဲ့ နာမည်ကျော် စူပါအေးဂျင့် ရွိုင်အိုလာ သူနဲ့ အလုပ်လုပ်နေတဲ့ ဘောလုံးသမားအားလုံးထဲကမှ စျေးကွက်တစ်ခုရောက်တိုင်း အနာဂတ် လှုပ်လှုပ်ခတ်ခတ် ဖြစ်နေတတ်တဲ့ ပေါလ်ပေါ့ဘာကို မန်ချက်စတာယူနိုက်တက်အသင်းကနေ ယူနိုက်တက်အသင်းရဲ့ ခါးသီးပြိုင်ဘက် အသင်းတစ်သင်းဖြစ်တဲ့ လီဗာပူးလ်အသင်းဆီ ရောက်ရှိသွားဖို့အတွက် စီစဉ်လျက်ရှိနေတယ်လို့ ပြင်သစ်နာမည်ကျော် Le10Sport သတင်းစာကနေ ဖော်ပြလာခဲ့ပါတယ်။

Photo Credit : FC Barclona

လီဗာပူးလ်အသင်းဟာ ဒီနှစ် နွေစျေးကွက်အတွင်းမှာ အသင်းရဲ့ နယ်သာလန် ကွင်းလယ်ကစားသမားဖြစ်သူ ဝိုင်နယ်ဒန်ကို စာချုပ်သက်တမ်း မတိုးမြှင့်နိုင်ခဲ့ပဲ ပီအက်စ်ဂျီအသင်းဆီ အလွတ်ပြောင်းရွှေ့ကြေးနဲ့ လက်လွတ်ထားခဲ့ရတာကြောင့် သူရဲ့နေရာမှာ ပြန်လည်အစားထိုးမယ့် ကွင်းလယ်ကစားသမားတစ်ယောက်ကို အလိုရှိနေတာဖြစ်ပြီး ဒီအခြေအနေမှာ အေးဂျင့်ရွိုင်အိုလာက သူရဲ့ကစားသမားဖြစ်တဲ့ ပြင်သစ်ကြယ်ပွင့် ကွင်းလယ်ကစားသမား ပေါ့ဘာကို ခေါ်ယူသွားဖို့အတွက် ချိတ်ဆက်မှုတွေ ပြုလုပ်လာခဲ့တယ်လို့် Le10Sport ကနေ ဖော်ပြလာခဲ့ပါတယ်။

Photo Credit : talkSPORT

အသက်(၂၈)နှစ်အရွှယ်ရှိ ပြင်သစ်လက်ရွေးစင် ကွင်းလယ်ကစားသမား ပေါ့ဘာဟာ လက်ရှိအချိန်မှာ မန်ချက်စတာယူနိုက်တက်အသင်းနဲ့ စာချုပ်သက်တမ်း တစ်နှစ်သာ ကျန်ရှိနေတော့တာဖြစ်ပြီး အသင်းဘက်ကနေ သက်တမ်းတိုးဖို့ လုပ်ဆောင်နေပေမယ့် ကစားသမားကိုယ်တိုင်က အသင်းနဲ့ သက်တမ်းမတိုးချင်တော့ပဲ အသင်းနဲ့ လက်တွဲဖြုတ်ဖို့ကိုသာ စိတ်အားထက်သန်နေတာ ဖြစ်ပါတယ်။ လတ်တလောမှာ ပေါ့ဘာဟာ ပြင်သစ်ထိပ်သီး ကလပ်အသင်းဖြစ်တဲ့ ပီအက်စ်ဂျီအသင်းနဲ့ အပြောင်းအရွှေ့သတင်းတွေ အတော်လေးကို ထွက်ပေါ်လျက်ရှိနေပြီး ဆွေးနွေးမှုတွေလည်း အဆင်ပြေလျက် ရှိနေတယ်လို့ သတင်းထွက်နေပေမယ့် ရုတ်တရက် Le10Sport ကနေ ဖော်ပြလာခဲ့တဲ့ ပေါ့ဘာနဲ့ လီဗာပူးလ်တို့က သတင်းတွေက ပေါ့ဘာရဲ့ လက်ရှိအခြေအနေ ပိုရုတ်ရုတ်သဲသဲ ဖြစ်သွားရပါတယ်။ ဒါပေမယ့် ယူနိုက်တက်အသင်းအနေနဲ့ သူတို့ရဲ့ အဓိက ကစားသမား ပေါ့ဘာကို လုံးဝလက်လွတ်ရမယ်ဆိုရင်တောင် ပရီးမီးယားလိဂ်က ပြိုင်ဘက်ကလပ်အသင်းတွေဆီကို လက်လွတ်သွားမှာ မဟုတ်ပဲ ပီအက်စ်ဂျီလို ပြည်ပကလပ်အသင်းတွေကိုသာ ရောင်းချနိုင်ပါတယ်။ ယူနိုက်တက်ကတော့ ပေါ့ဘာနေရာအတွက် ဘိုင်ယန်ကွင်းလယ်လူ ဂေါ်ရက်ဇ်ကာနဲ့ ဝုလ်ဗ်ကွင်းလယ်လူ ရူဘင်နေးဗက်စ်တို့ကို မျက်စိကျလျက် ရှိနေပါတယ်။