ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ လီဗာပူးအသင်းဟာ အသင်းရဲ့ အဓိက တိုက်စစ်မှူး ဖြစ်သူ မိုဟာမက် ဆာလက်ကို စာချုပ်သစ် ချုပ်ဆိုဖို့ အတွက် ကမ်းလှမ်းမှုတွေ ပြုလုပ်ထားကြောင်း သိရပါတယ်။

အသက် ၂၉နှစ် အရွယ် အီဂျစ်လက်ရွေးစင် အသင်းခေါင်းဆောင် မိုဟာမက် ဆာလက်ဟာ လီဗာပူးအသင်းရဲ့ မရှိမဖြစ် တိုက်စစ်မှူး တဦး ဖြစ်ပြီး အသင်းနဲ့ စာချုပ်သက်တမ်း ၂နှစ်သာ ကျန်ရှိတော့တဲ့ ကစားသမား တဦးပဲ ဖြစ်ပါတယ်။

Photo Credit: Liverpool Echo

ဆာလက်ဟာ လက်ရှိ ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံး တိုက်စစ်မှူး ၃ဦးထဲက တဦး ဖြစ်ပြီး သူ့ကို လာမယ့် နွေရာသီ အပြောင်းအရွှေ့မှာ ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ အသင်းကြီး တချို့ ရှိနေတာကြောင့် လီဗာပူးအသင်ဟာ ဆာလက်ကို စာချုပ်သစ် ချုပ်ဆိုဖို့ ခပ်မြန်မြန် ကြိုးစားနေတာပါ။

ဆာလက်ဟာ လီဗာပူးအသင်းမှာ တပတ်လုပ်ခ ပေါင် ၂သိန်း ရရှိနေတဲ့ ကစားသမား တဦး ဖြစ်ပြီး နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ The Athletic သတင်းဌာနရဲ့ ဖော်ပြချက်အရ လီဗာပူးအသင်းဟာ ဆာလက်ကို အသင်းရဲ့ စံချိန်တင် လုပ်ခလစာ တရပ်နဲ့ စာချုပ်သစ် ချုပ်ဆိုဖို့ ကမ်းလှမ်းထားကြောင်း သိရပါတယ်။

Photo Credit: Liverpool Echo

နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Goal သတင်းဌာနကလည်း ဆာလက်နဲ့ လီဗာပူးအသင်းတို့ ကြားမှာ စာချုပ်သစ် အတွက် ဆွေးနွေးမှုတွေ ရှိနေကြောင်းကို အတည်ပြု ပေးထားသလို ဆာလက်ဟာ လီဗာပူးအသင်းနဲ့ စာချုပ်သစ် ချုပ်ဆိုဖြစ်ပါက တပတ်လုပ်ခ ပေါင် ၂၅၀၀၀၀ အထိ ရရှိဖို့ ရှိနေကြောင်း ဖော်ပြခဲ့ပါတယ်။

အဲ့ဒါအပြင် လီဗာပူးအသင်းရဲ့ နည်းပြဖြစ်သူ ကလော့ပ်ကလည်း ဆာလက်ကို စာချုပ်သစ် ချုပ်ဆိုဖို့ ဆွေးနွေးနေကြောင်း အတည်ပြုခဲ့ပါတယ်။ ကလော့ပ်က – “စာချုပ်သစ် အတွက် ဆွေးနွေးနေပါတယ်။ စာချုပ်သက်တမ်း ၂နှစ်သာ ကျန်တော့တဲ့ အချိန်မှာ စာချုပ်သစ် အတွက် ဆွေးနွေးမှုတွေ ရှိနေမယ် ဆိုတာကို ခင်ဗျားတို့ မြင်ယောင်ကြည့်လို့ ရပါတယ်။ အခုချိန်မှာတော့ ဆာလက်က အသင်းနဲ့ ဆက်ဆံရေးကောင်း တခု တည်ဆောက်ထားနိုင်ပြီး အဲ့ဒီလိုပဲ ဆက်ဖြစ်လိမ့်မယ်လို့ ယုံကြည်ထားပါတယ်”လို့ ပြောကြားခဲ့တာပါ။