လီဗာပူးလ်အသင်းရဲ့ နောက်ခံကစားသမားဟောင်း တစ်ယောက်ဖြစ်တဲ့ ဂျင်မီကာရေဂါကတော့ လီဗာပူးလ်အသင်းရဲ့ နည်းပြကြီး ယာဂင်ကလော့အနေနဲ့ အခုဆောင်းရာသီအပြောင်းအရွှေ့စျေးကွက်အတွင်းမှာ နောက်ခံကစားသမားသစ်တစ်ယောက်ကို ခေါ်ယူသွားသင့်တယ်လို့ တိုက်တွန်းပြောဆိုလာခဲ့ပြီး တကယ်လို့များ ဒဏ်ရာကြောင့် ကာလရှည်ကြာ အနားယူနေရတဲ့ ဗန်ဒိုက်နဲ့ ဂိုးမက်ဇ်တို့နေရာအတွက် ခံစစ်မှူးအသစ်ကို မခေါ်ယူဖြစ်ခဲ့ဘူးဆိုရင်တော့ အသင်းရဲ့ခံစစ်ပိုင်းအားနည်းချက်တွေ ထပ်မံပေါ်ပေါက်လာနိုင်တယ်လို့ သတိပေးပြောဆိုလိုက်ပါတယ်။

Photo Credit : The Sun

လီဗာပူးလ်အသင်းဟာ ပြီးခဲ့တဲ့နွေစျေးကွက်အတွင်း သီယာဂိုအယ်ကန်တာရာနဲ့ ဒီယေဂိုဂျိုတာတို့လို ကွင်းလယ်နဲ့ တိုက်စစ်ပိုင်းအတွက် ကစားသမားသစ်တွေ ဖြည့်တင်းခဲ့ပေမယ့်လည်း ခံစစ်ပိုင်းမှာတော့ ဇင်းနစ်အသင်းဆီ ရောင်းချလိုက်ရတဲ့ လိုဗရန်ရဲ့နေရာအတွက် ပြန်လည်အစားထိုးခြင်းမရှိခဲ့လို့ အသင်းရဲ့ အဓိကနောက်ခံလူတွေဖြစ်တဲ့ ဗန်ဒိုက်နဲ့ဂိုးမက်ဇ်တို့ ဒဏ်ရာပြသာနာတွေ ရင်ဆိုင်ရချိန်မှာ အသင်းက ရုန်းကန်နေရခဲ့ပြီး အနိုင်ရသင့်တဲ့ ပွဲစဉ်တချို့မှာ ရမှတ်ပြည့် မစုဆောင်းနိုင်တော့ပဲ ခံစစ်ကနေ သွင်းဂိုးတွေကိုပါ အလွယ်တကူ ခွင့်ပြုလာခဲ့ရပါတယ်။

Photo Credit : The Sun

ကာရေဂါက “လီဗာပူးလ်အသင်းက အင်္ဂလန်ရဲ့ အကောင်းဆုံးအသင်းတစ်သင်းပါ။ ဒါပေမယ့်လည်း လက်ရှိအခြေအတွေအရ အသင်းတိုင်းလိုလိုက သူတို့အသင်းကို လိုက်မီနိုင်အောင် စိတ်ကူးနေကြပါတယ်။ ကျွန်တော်လည်း ဘောလုံးရာသီအစကတည်းက လီဗာပူးလ်အသင်းကို ရပ်တန့်အောင် လုပ်နိုင်တဲအရာက ဒဏ်ရာပြသာနာတွေသာ ရှိနေလိမ့်မယ်လို့ တွေးမိသေးတယ်။ သြဂုတ်လတုန်းကလည်း အသင်းရဲ့တိုက်စစ်အတွဲအဖက် (၃)ယောက်ထဲက တစ်ယောက်ယောက်များ ဒဏ်ရာရခဲ့မယ်ဆိုရင် အစားထိုးနိုင်မယ့် ကစားသမားမျိုး မရှိနေလို့ စိတ်ပူခဲ့ရသေးတယ်။ ဒါပေမယ့် အသင်းက ဒီယေဂိုဂျိုတာကို ခေါ်ယူအားဖြည့်ဖြစ်ပါတယ်။ အခုတော့ ကျွန်တော် အသင်းရဲ့ခံစစ်ပိုင်းအတွက်ကိုပဲ စိတ်ပူပန်နေရပါတယ်။ ဗန်ဒိုက်တစ်ယောက် ဒဏ်ရာရရှိတာနဲ့ပဲ လီဗာပူးလ်အသင်းက (၉)မှတ်ကနေ (၁၂)မှတ်အထိကို ဆုံးရှုံးခဲ့ရပါတယ်။ ဖာဘင်ဟိုက ဒီကွက်လပ်ကို အစားဝင်နိုင်ခဲ့ပေမယ့်လည်း လက်ရှိမှာ မာတစ်ကပါ ဒဏ်ရာထပ်ရသွားခဲ့ပြန်တာကြောင့် လီဗာပူးလ်အနေနဲ့ ဒီစျေးကွက်ထဲမှာ ဗဟိုခံစစ်မှူးတစ်ယောက်ကို မခေါ်ယူဖြစ်ခဲ့ဘူးဆိုရင် ဒါက မယုံနိုင်စရာကောင်းတဲ့ အကြောင်းအရာ ဖြစ်သွားရပါလိမ့်မယ်။ မဖြစ်မနေကို ခံစစ်မှူးတစ်ယောက်တော့ ခေါ်ယူသွားသင့်တယ်” လို့ တိုက်တွန်းပြောဆိုသွားခဲ့ပါတယ်။