လီဗာပူးလ်အသင်းနည်းပြ အာနေး စလော့က ဒီနေ့ည အန်ဖီးလ်ကွင်းမှာ ကစားမယ့် ချန်ပီယံလိဂ် ရှုံးထွက် (၁၆)သင်းအဆင့် ဒုကျော့ပွဲစဉ်ထဲ ပီအက်စ်ဂျီအသင်းကို မရှုံးရအောင် ခံကစားပြီး သရေရလဒ်အတွက်ပဲ ရည်ရွယ် ကစားသွားမှာ မဟုတ်ဘဲ အနိုင်ရဖို့ ကြိုးစားမယ်လို့ အခိုင်အမာ ပြောကြားခဲ့ပါတယ်။

ပဲရစ်မှာ ကစားခဲ့တဲ့ ပထမအကျော့ ပွဲစဉ်မှာတော့ လီဗာပူးလ် ဂိုးသမား အလီဆန် ဘက်ကာရဲ့ အံ့မခန်း လက်စွမ်းပြမှုကြောင့် ပီအက်စ်ဂျီတို့ ဂိုးမရခဲ့သလို လူစားဝင် ကစားသမား အဲလီယော့ကပါ ပွဲပြီးခါနီး (၈၇)မိနစ်မှာ အသည်းခွဲဂိုး သွင်းယူခဲ့တားကြောင့် အဝေးကွင်းမှာ လီဗာပူးလ်က မထင်မှတ်ဘဲ နိုင်ပွဲတွေ့သွားခဲ့ရပါတယ်။

Photo Credit : Opta Analyst

တကယ်တော့ ဒီပွဲမှာ လီဗာပူးက ပီအက်စ်ဂျီအသင်းထက် ဂိုးကန်သွင်းမှု (၂၅)ကြိမ် နည်းခဲ့ပေမယ့်လည်း ပွဲကိုတော့ အနိုင်ရအောင် ကစားနိုင်ခဲ့ပြီး ဒီရလဒ်ကြောင့်လည်း နောက်တစ်ဆင့်တက်ဖို့ အားသာချက် ရှိသွားခဲ့ရပါတယ်။ ဒုတိယအကျော့က လီဗာပူးလ်ရဲ့ အိမ်ကွင်း အန်ဖီးလ်မှာ ကစားရမှာဖြစ်လို့ လီဗာပူးလ်အနေနဲ့ အိမ်ကွင်းပရိသတ်တွေရဲ့ အရှေ့မှာ ချန်ပီယံလိဂ် ကွာတားဖိုင်နယ် တက်လှမ်းခွင့်ကို ရယူနိုင်ပြမယ့် အခွင့်အရေးကောင်းကြီး ပိုင်ဆိုင်နေပါတယ်။

အခု ဒုကျော့ပွဲနဲ့ ပတ်သက်ပြီး စလော့က “ကျွန်တော်တို့က ပွဲတိုင်းကို အနိုင်ရဖို့ ကြိုးစားပါတယ်။ ပြီးခဲ့တဲ့ အပတ်ကထက် မတူတဲ့ ပွဲတစ်ပွဲကို လိုချင်တယ်။ ကျျွန်တော်တို့ရဲ့ ရည်ရွယ်ချက်က အတူတူပါပဲ။ သရေကို မလိုချင်ဘူး။ ဘောလုံးကို တတ်နိုင်သလောက် ထိန်းချင်တယ်။” လို့ ပြောဆိုသွားခဲ့ပါတယ်။ ဒါ့အပြင် စလော့ရဲ့ လီဗာပူးလ်အသင်းဟာ ပီအက်စ်ဂျီနဲ့ပွဲ ပြီးတာနဲ့ တနင်္ဂနွေမှာ လိဂ်ဖလားဖိုင်နယ်ပွဲကိုပါ ကစားသွားရဦးမှာ ဖြစ်ပါတယ်။

Photo Credit : Sky Sports

ဒီပွဲမှာ အနိုင်ရလိုက်ရင် စလော့က လီဗာပူးလ်နည်းပြဘဝ ပထမဆုံး ရာသီမှာ ပထမဆုံး ဆုဖလားကို ကိုင်မြှောက်နိုင်မှာ ဖြစ်ပေမယ့် ဒီအတွက် အိပ်မက်မက်နေတယ်ဆိုတဲ့ အကြံပြုချက်တွေကိုတော့ ရယ်မောပြီး ပယ်ချခဲ့ပါတယ်။”မဟုတ်ပါဘူး။ အိပ်မက်မမက်ပါဘူး။ အသင်းကို အကောင်းဆုံး ပြင်ဆင်ဖို့ အရမ်းကြိုးစားပြီး အလုပ်လုပ်ရပါတယ်။ ပွဲတိုင်းမှာ ဒီအတိုင်းပဲ ကြိုးစားနေပါတယ်။ ပြီးခဲ့တဲ့ အပတ်က ပီအက်စ်ဂျီနဲ့ ပွဲလို ပွဲမျိုးဆိုရင် အိပ်လို့တောင် ရပါ့မလားလို့ တွေးမိတယ်။ ဒီအပတ်မှာ အိပ်မက် မမက်ပါဘူး။”

“ကျွန်တော်တို့ အာရုံစူးစိုက်ထားတယ်။ အခု ပီအက်စ်ဂျီနဲ့ပွဲကို အာရုံစိုက်နေတယ်။ ဒီလိုပွဲမျိုးကို လူတိုင်းက စိတ်လှုပ်ရှားနေကြတယ်။ ပထမအကျော့ရလဒ်က ကျွန်တော်တို့အတွက်ဖြစ်ခဲ့ပေမယ့် စွမ်းဆောင်ရည်က သူတို့အတွက်ပါ။ ကျွန်တော်တို့ 0-1 နဲ့ ဦးဆောင်နေတယ်။ ဒါက ကျွန်တော်တို့ကို ယုံကြည်မှု ပေးတယ်။ စွမ်းဆောင်ရည် ပီအက်စ်ဂျီကို ယုံကြည်မှု ပေးတယ်။ ဒီအသင်းက ကျွန်တော်တို့ ရင်ဆိုင်ခဲ့ရတဲ့ အသင်းတွေထဲမှာ အပြည့်စုံဆုံးပါ။ သူတို့မှာ အရည်အသွေးတွေ အများကြီးရှိတယ်။ နည်းပြလူးဝစ် အင်နရစ်ကေးလည်း ရှိတယ်။ သူက သူတို့ကို ရင်ဆိုင်ရခက်တဲ့ ပုံစံနဲ့ ကစားစေတယ်။ သူတို့ရဲ့ အလုပ်လုပ်နိုင်စွမ်းက မယုံနိုင်စရာပါပဲ။” လို့ ပြောဆိုသွားခဲ့ပါတယ်။