၂၀၁၉-၂၀၂၀ ဘောလုံးရာသီရဲ့ အင်္ဂလန် ပရီးမီးယားလိဂ် ချန်ပီယံ ဖြစ်တဲ့ လီဗာပူးအသင်း ဟာ နှစ်ပေါင်း ၃၀ကြာအောင် ဝေးကွာနေတဲ့ အမှပေးဖလား ချန်ပီယံဆု ရရှိခဲ့ပေမယ့် နည်းပြ ဖြစ်သူ ကလော့ပ်ကို လက်ရှိ နွေအပြောင်းအရွှေ့မှာ ကစားသမား ခေါ်ယူမှုတွေ ပြုလုပ်ဖို့ အတွက် အသားတင် ပြောင်းရွှေ့စရိတ် ထုတ်ပေးမှာ မဟုတ်ဘူးလို့ ဂျာမန် သတင်းမီဒီယာတွေက ဖော်ပြလာကြပါတယ်။ လီဗာပူးအသင်းဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီ နှစ်ခုအတွင်းမှာ ပရီးမီးယားလိဂ်ဖလား ၊ ချန်ပီယံလိဂ်ဖလား ၊ ဥရောပ စူပါဖလား ၊ ကမ္ဘာ့ကလပ်ဖလားတို့လို အဓိက ဆုဖလားတွေကို ရရှိခဲ့သလို အသင်းရဲ့ အောင်မြင်မှုတွေနဲ့အတူ များပြားလှတဲ့ စပွန်ဆာတွေကိုလည်း ရရှိလာတာကြောင့် လွန်ခဲ့တဲ့ ဆယ်စုနှစ်နဲ့ နှိုင်းယှဉ်ရင် ဝင်ငွေ ပိုတိုးလာတဲ့ အနေအထားမှာ ရှိပါတယ်။

Photo Credit: Metro

ဒါပေမယ့် လီဗာပူးအသင်းရဲ့ ဘုတ်အဖွဲ့ဟာ လက်ရှိ အသင်းရဲ့ ကစားသမားအင်အားဟာ ပြည့်စုံမှု ရှိတယ်လို့ ယုံကြည်နေတာကြောင့် အသင်းကို အပြောင်းအလဲတွေ မပြုလုပ်လိုပဲ လက်ရှိ နွေစျေးကွက်မှာ ကစားသမားသစ်တွေ ခေါ်ယူချင်ရင် ရှိရင်းစွဲ ကစားသမားတွေထဲက တချို့ကို ရောင်းထုတ်သွားဖို့ လိုအပ်ကြောင်း ကလော့ပ်ထံ အသိပေးထားတယ် လို့ ဂျာမန် အခြေစိုက် နာမည်ကြီး သတင်းဌာနတစ်ခု ဖြစ်တဲ့ Kicker သတင်းဌာနက ဖွင့်ဟလာခဲ့ပါတယ်။

Photo Credit: Metro

လီဗာပူးအသင်းရဲ့ နည်းပြဖြစ်သူ ကလော့ပ်ဟာ လက်ရှိ အချိန်မှာ ဘိုင်ယန်မြူးနစ်အသင်းကနေ ထွက်ခွာခွင့် ရရှိထားတဲ့ ကွင်းလယ်လူ အယ်ကန်တာရာကို ခေါ်ယူဖို့ အတွက် စိတ်ဝင်စားနေပေမယ့် အယ်ကန်တာရာအတွက် လီဗာပူးအသင်း ကမ်းလှမ်းခဲ့တဲ့ ပြောင်းရွှေ့ကြေး ယူရို ၂၀သန်း ဟာ ဘိုင်ယန်မြူးနစ်အသင်းက အယ်ကန်တာရာ အတွက် လိုချင်နေတဲ့ ပြောင်းရွှေ့ကြေးထက် ထက်ဝက်ခန့် လျော့နည်းနေတာကြောင့် အယ်ကန်တာရာကို ပီအက်စ်ဂျီအသင်းထံ လက်လွှတ် ရမယ့် အနေအထားမှာ ရှိနေပါတယ်။

Photo Credit: Metro

ဒါ့အပြင် ကလော့ပ်ရဲ့ နောက်ထပ် ပစ်မှတ် ကစားသမား တစ်ဦးဖြစ်တဲ့ နောဝှစ်ချ်အသင်းရဲ့ နောက်ခံလူ လီဝစ်ကို ခေါ်ယူဖို့ အတွက် လီဗာပူးအသင်းက ကမ်းလှမ်းမှု ပြုလုပ်ခဲ့ရာမှာ ပြောင်းရွှေ့ကြေး ပမာဏဟာ လွန်စွာမှ နည်းပါးနေတာကြောင့် နောဝှစ်ချ်အသင်းဘက်က ချက်ချင်း ဆိုသလို ပယ်ချသွားခဲ့ပါတယ်။ သတင်းတွေ အရတော့ လီဗာပူးအသင်းဟာ လီဝစ်ကို ခေါ်ယူဖို့ အတွက် ပေါင် ၁၀ သန်းတည်းနဲ့ ကမ်းလှမ်းခဲ့တာ ဖြစ်ကြောင်း သိရပါတယ်။

Photo Credit: Metro

လက်ရှိမှာ လီဗာပူးအသင်းဟာ အသင်းရဲ့ နောက်ခံလူ လိုဗရန်ကို ဇင်းနစ်အသင်းထံ ပြောင်းရွှေ့ကြေး ပေါင် ၁၁ သန်းနဲ့ ရောင်းချထားတာကြောင့် အသင်းရဲ့ အပြောင်းအရွှေ့ အသုံးစရိတ်မှာ ပေါင် ၁၁ သန်းသာ အဝင် ရှိနေပြီး ကလော့ပ်အနေနဲ့ ကစားသမားသစ်တွေကို ခေါ်ယူချင်ပါက အသင်းမှာ ရှိနေတဲ့ ကစားသမားတွေထဲက ရှာကွီရီ ၊ ဝစ်နယ်ဒန် ၊ နာဘီကီတာ ၊ အော်ရီဂီစတဲ့ ကစားသမားတွေကို ရောင်းချသွားဖို့ လိုအပ်ပါတယ်။