ကမ္ဘာကျော်လိဂ်တစ်ခု ဖြစ်တဲ့ ပရီးမီးယားလိဂ် ရဲ့ ဘောလုံးအဖွဲ့ချုပ် ဖြစ်တဲ့ အက်ဖ်အေဟာ ယခုနှစ် ဘောလုံးရာသီမှာ ပေးအပ်မယ့် ပရီးမီးယားလိဂ် ဆုဖလားရဲ့ အောက်ခြေမှာ လီဗာပူးအသင်းရဲ့ အမည်ကို ရေးထွင်းထားပြီးပြီ ဖြစ်ကြောင်း အင်္ဂလန်အခြေစိုက် သတင်းဌာန အများစုက ဖော်ပြသွားခဲ့ကြပါတယ်။ အင်္ဂလန် ရဲ့ အဆင့်အမြင့်ဆုံး အမှတ်ပေးဖလားကို ၁၈ ကြိမ် တိုင်တိုင် ဆွတ်ခူးထားနိုင်ခဲ့တဲ့ လီဗာပူး အသင်းဟာ အဆင့်အမြင့်ဆုံး ပထမတန်းလိဂ် ပြိုင်ပွဲအား ပရီးမီးယားလိဂ်ပြိုင်ပွဲလို့ အမည် ပြောင်းပြီးနောက်ပိုင်းမှာ အဆင့်အမြင့်ဆုံး လိဂ်ရဲ့ အမှတ်ပေးချန်ပီယံဖလားကို ရရှိခြင်း မရှိတာဟာ နှစ်ပေါင်းများစွာ ကြာမြင့်နေပြီပဲ ဖြစ်ပါတယ်။

Photo Credit: Mirror

ဒါပေမယ့် လက်ရှိ ဘောလုံးရာသီမှာတော့ လီဗာပူးအသင်းဟာ ရာသီစတင်ကတည်းက ချန်ပီယံအသင်းတစ်သင်းရဲ့ ခြေစွမ်းမျိုးကို ပြသထားနိုင်ခဲ့ပြီး ပွဲစဉ် ၂၉ပွဲ ယှဉ်ပြိုင်ကစားထားရာမှာ ၂၇ပွဲနိုင် ၁ပွဲသရေ ၁ပွဲရှုံးဆိုတဲ့ ရလဒ်ကို ရရှိထားခဲ့ပါတယ်။ ဒါ့ကြောင့်လည်း ပွဲစဉ် ၂၉အပြီးမှာ ဒုတိယနေရာက မန်စီးတီးအသင်းကို ၂၅မှတ် အထိ ဖြတ်ထားနိုင်ခဲ့ပြီး နောက်ထပ် ရမှတ် ၆မှတ်ကို စုဆောင်းနိုင်ရုံနဲ့ လက်ရှိ ဘောလုံးရာသီရဲ့ အမှတ်ပေးချန်ပီယံဘွဲ့ကို သိမ်းပိုက် နိုင်တော့မှာလည်း ဖြစ်ပါတယ်။ ဒါ့အပြင် လက်ရှိ ရပ်နားထားတဲ့ ပရီးမီးယားလိဂ်ပြိုင်ပွဲကို ပြန်လည် ကျင်းပချိန်မှာလည်း ဒုတိယနေရာ မှာ ရှိနေတဲ့ မန်စီးတီးအသင်းက တစ်ပွဲရှုံးနိမ့်ရုံနဲ့ လီဗာပူးအသင်းဟာ တစ်ပွဲနိုင်ရုံနဲ့ပဲ အမှတ်ပေး ချန်ပီယံဆုကို ရရှိနိုင်တော့မှာပါ။

Photo Credit: Mirror

ပြီးခဲ့တဲ့ ရက်ပိုင်းမှာတော့ နာမည်ကျော် လူမှုကွန်ယက်တစ်ခု ဖြစ်တဲ့ အင်စတာဂရမ်ပေါ်မှာ လီဗာပူးအသင်းရဲ့ အမည်ကို ပရီးမီးယားလိဂ် ဖလားပေါ်မှာ ရေးထွင်းနေတဲ့ ဗီဒီယိုဖိုင်တစ်ခု တက်လာခဲ့ပြီး အဆိုပါ ဗီဒီယိုဖိုင်ဟာ လီဗာပူး အသင်းကို အားပေးတဲ့ ပရိသတ်တွေရဲ့ ကြားမှာ အတော်လေးကို ရေပန်းစားသွားခဲ့ပါတယ်။ လက်ရှိမှာတော့ အင်္ဂလန်ရဲ့ သတင်းမီဒီယာ အတော်များများကလည်း အဆိုပါ ဗီဒီယိုဖိုင်ဟာ အစစ်ဖြစ်တယ်လို့ ရေးသား ဖော်ပြနေကြပြီး ဒီသတင်းသာ အမှန်ဆိုရင်တော့ လီဗာပူး အသင်းကို အားပေးတဲ့ ပရိသတ်တွေအတွက် ပျော်ရွှင်စရာပါပဲ။ ဒါပေမယ့် လီဗာပူးအသင်း ဟာ ပရီးမီးယားလိဂ်ဖလားကို ရရှိသွားခဲ့သည့် တိုင်အောင် အောင်ပွဲခံ အခမ်းအနားကို ကျင်းပဦးမှာ မဟုတ်ပဲ ကိုရိုနာဗိုင်းရပ် ကူးစက်ပျံ့နှံ့မှု ပြီးဆုံးသွားတဲ့ အခါကျမှသာ လီဗာပူးမြို့တွင်းမှာ မြို့တွင်းလှည့်လည်ကာ အောင်ပွဲခံသွားမှာ ဖြစ်တယ်လို့ လီဗာပူးအသင်းနည်းပြ ကလော့ပ် က အတည်ပြု ထားခဲ့ပါတယ်။