ဟန်ဒါဆန် ဖာဘင်ဟို ဝိုင်နယ်ဒန် ကီတာတို့လို ကွင်းလယ်ကစားသမားကောင်းတွေ ပိုင်ဆိုင်ထားခဲ့ရတဲ့ လီဗာပူးလ်အသင်းရဲ့ ကွင်းလယ်ပိုင်းမှာ နေရာတစ်နေရာရဖို့ ရုန်းကန်လို့နေရပြီး ပွဲထွက်ခွင့်တွေ နည်းပါးလာခဲ့ရတဲ့ ဝါရင့်ကွင်းလယ်ကစားသမား အဒမ်လယ်လာနာကတော့ လီဗာပူးလ်အသင်းနဲ့ သူနဲ့ကြားမှာ ချုပ်ဆိုထားခဲ့တဲ့ စာချုပ်သက်တမ်း ကုန်ဆုံးသွားတာနဲ့ ပရီးမီးယားလိဂ် ကလပ်အသင်းတစ်သင်းဖြစ်တဲ့ ဘရိုက်တန်အသင်းဆီကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့သွားတော့မှာဖြစ်တယ်လို့ သိရှိရပါတယ်။

Photo Credit : Goal

အသက်(၃၂)နှစ်အရွှယ်ရှိပြီဖြစ်တဲ့ အင်္ဂလန်လက်ရွေးစင်ဟောင်း လယ်လာနာဟာ လီဗာပူးလ်အသင်းကို နည်းပြဟောင်းဘရန်ဒန်ရော်ဂျာစ် ကိုင်တွယ်ခဲ့တဲ့ ၂၀၁၄ခုနှစ်ကတည်းက ရောက်ရှိလာခဲ့တာဖြစ်ပြီး ရော်ဂျာစ်ကနေ ယာဂင်ကလော့ ပြောင်းလဲကိုင်တွယ်ခဲ့ချိန်မှာ အသင်းနဲ့အတူ ယူရိုပါလိဂ်နဲ့ ကာလင်းဖလားဖိုင်နယ်ပွဲတွေအထိ တတ်ရောက်နိုင်ခဲ့ပါတယ်။ လယ်လာနာအနေနဲ့ လီဗာပူးလ်အသင်းနဲ့အတူ ချန်ပီယံလိဂ် ပရီးမီးယားလိဂ် ဥရောပစူပါဖလား ဖီဖာကမ္ဘာ့ကလပ်ဖလားတွေကို ပိုင်ဆိုင်ခဲ့ရပေမယ့် သူရဲ့ပွဲထွက်ခွင့်တွေ တစ်နှစ်ပြီးတစ်နှစ် ပိုမိုနည်းပါးလာခဲ့တာကြောင့် အသင်းနဲ့ လမ်းခွဲဖို့ကို ဆုံးဖြတ်လိုက်ရတာဖြစ်ပါတယ်။

Photo Credit : Goal

ဒီလို အသင်းနဲ့ လမ်းခွဲတော့မယ့် လယ်လာနာကို လက်စတာ ဘန်လေ ဘရိုက်တန်တို့အပြင် သူရဲ့အသင်းဟောင်း ဆောက်သမ်တန်တို့ကပါ ပစ်မှတ်ထားခဲ့ပေမယ့်လည်း လယ်လာနာကတော့ သူနဲ့ ရင်းနှီးနေတဲ့ နည်းစနစ်ဒါရိုက်တာ ဒန်းအာ့ချ်ဝက်ရှိရာ ဘရိုက်တန်အသင်းဆီကို (၃)နှစ်စာချုပ်နဲ့ ပြောင်းရွှေ့ကစားဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဒါကြောင့် ဒီနေ့ည စိန့်ဂျိမ်းစ်ပတ်ကွင်းထဲမှာ နယူးကာဆဲလ်ယူနိုက်တက်အသင်းနဲ့ ယှဉ်ပြိုင်ကစားရမယ့် ပရီးမီးယားလိဂ် ရာသီအပိတ်ပွဲစဉ်ဟာ လယ်လာနာရဲ့ လီဗာပူးလ်ကစားသမားဘဝ နောက်ဆုံးပွဲစဉ် ဖြစ်လာတော့မှာဖြစ်သလို ကလော့အနေနဲ့ သူ့ကို ပွဲထွက်ကစားခွင့် ပေးလာနိုင်ပါတယ်။ လယ်လာနာဟာ ကလော့ကိုယ်တိုင် သဘောကျရတဲ့ ကစားသမားတစ်ယောက်ဖြစ်ပြီး အခြေအနေအရပ်ရပ်ကြောင့်သာ သူ့ကိုလက်လွတ်လိုက်ရတာဖြစ်ပြီး လယ်လာနာကိုယ်တိုင်ကလည်း သူအနေနဲ့ လာမယ့်(၂)နှစ်(၃)နှစ်လောက်အထိ အကောင်းဆုံးပုံစံနဲ့ ဘောလုံးပွဲတွေကို ဆက်ကစားသွားနိုင်သေးတာကြောင့် သူ့ကို ပုံမှန်နေရာတစ်ခုပေးနိုင်မယ့် အသင်းတစ်သင်းဆီကို အခုလို ပြောင်းရွှေ့ခဲ့ရတာဖြစ််တယ်လို့ ရှင်းလင်းပြောဆိုထားခဲ့ပါတယ်။ လယ်လာနာဟာ လီဗာပူးလ်အသင်းအတွက် ပြိုင်ပွဲစုံ(၁၇၈)ပွဲအထိကို ပါဝင်ကစားထားနိုင်ခဲ့တဲ့ ကွင်းလယ်ကစားကွက် ဖန်တီးရှင်တစ်ယောက် ဖြစ်ခဲ့ပါတယ်။