လီဗာပူးလ်အသင်းဟာ စပို့တင်း လစ္စဘွန်းအသင်းရဲ့ နည်းပြဖြစ်သူ ရူဘင် အမော်ရင်ကို နည်းပြသစ်အဖြစ် ခန့်အပ်ဖို့ အဆင်မပြေနိုင်ခဲ့ဘူးဆိုရင်တော့ ဘရန့်ဖို့ဒ်နည်းပြ သောမတ်စ် ဖရန့်ကိုပဲ ပစ်မှတ်ထားလာနိုင်တယ်လို့ talkSPORT သတင်းမီဒီယာကနေ ဖော်ပြသွားခဲ့ပါတယ်။

လီဗာပူးလ်အသင်းကို လွန်ခဲ့တဲ့ ၂၀၁၅ခုနှစ်ကနေ စတင် တာဝန်ယူခဲ့ပြီး အသင်းနဲ့ နှစ်ပေါင်းများစွာ ကွာဝေးနေတဲ့ ပရီးမီးယားလိဂ်ဖလား အပါအဝင် ချန်ပီယံလိဂ်ဖလား ကလပ်ကမ္ဘာ့ဖလား ဥရောပစူပါဖလား အက်ဖ်အေဖလား လိဂ်ဖလားနဲ့ ကွန်မြူနတီဒိုင်းတို့ကို ရယူပေးခဲ့တဲ့ နည်းပြကြီး ယာဂန် ကလော့ပ်ဟာ ဒီရာသီအကုန်မှာပဲ လီဗာပူးလ်နဲ့ လက်တွဲဖြုတ်သွားတော့မှာ ဖြစ်ပါတယ်။

Photo Credit :  The Empire of the Kop

ကလော့ပ်လို အသင်းအတွက် ပဲ့ကိုင်ရှင် နည်းပြကြီးကို လက်လွတ်ရတော့မှာက လီဗာပူးလ်အတွက် အတော်လေး နစ်နာစရာတွေ ရှိလာနိုင်ပြီး ကလော့ပ်နေရာမှာ ဆက်ခံနိုင်မယ့် နည်းပြမျိုးကို ရှာဖွေရတာကလည်း အတော်လေးကို ခေါင်းခြောက်စရာ ဖြစ်လာရနိုင်ပါတယ်။

ဦးစားပေး လိုချင်ခဲ့တဲ့ ဇာဘီ အလွန်ဆိုကလည်း လေဗာကူဆင်နဲ့ ဆက်လက် လက်တွဲဦးမှာ ဖြစ်သလို ဒုတိယ ဦးစားပေးဖြစ်သူ ရူဘင် အမော်ရင်ကလည်း ဝက်စ်ဟမ်းနဲ့ပါ ဆွေးနွေးမှုတွေ ရှိနေတဲ့အတွက် လီဗာပူးလ်အနေနဲ့ အသင်းနည်းပြသစ်အဖြစ် ဘရန့်ဖို့ဒ်နည်းပြ သောမတ်စ် ဖရန့်ကို စဉ်းစားလာဖွယ် ရှိနေပါတယ်။

Photo Credit : beIN SPORTS

လွန်ခဲ့တဲ့ ၂၀၁၈ခုနှစ်ကတည်းက ဘရန့်ဖို့ဒ်အသင်းကို ကိုင်တွယ်ခဲ့တဲ့ ဒိန်းမတ်လူမျိုး ဘောလုံးနည်းပြ ဖရန့်ဟာလည်း ပရီးမီးယားလိဂ်က နည်းပြတွေထဲမှာ အရည်အချင်းကောင်းတွေ ပိုင်ဆိုင်ထားသူဖြစ်ပြီး ဘရန့်ဖို့ဒ်ကို ချန်ပီယံရှစ်ကနေ ပရီးမီးယားလိဂ်ဆီ ပို့ဆောင်ပြီးနောက်ပိုင်းကတည်းက ပရီးမီးယားလိဂ်မှာပါ အလယ်အလတ်အသင်းအဖြစ် ရပ်တည်နိုင်အောင် စွမ်းဆောင်နိုင်ခဲ့ပါတယ်။

ဒီလို အရည်အသွေးတွေ ရှိနေတဲ့ သောမတ်စ် ဖရန့်ကို မန်ယူနိုက်တက်အသင်းကလည်း နည်းပြသစ်အဖြစ် ခန့်အပ်ဖို့ စိတ်ဝင်စားလို့နေပြီး အလွန်ဆို အမော်ရင် နာဂယ်စမန်းတို့နဲ့ လွဲချော်ထားခဲ့ရတဲ့ လီဗာပူးလ်ဟာလည်း ဖရန့်ကို အသင်းနည်းပြရာထူးအတွက် option တစ်ခုအဖြစ် သတ်မှတ်ထားသလို ဒီဇာဘီ နဲ့ ဂက်စပါရီနီတို့ကိုလည်း စောင့်ကြည့်လာနိုင်ပါတယ်။