အင်္ဂလန်ပရီးမီးယားလိဂ်ရဲ့ နာမည်ကြီး အသင်းတစ်သင်းဖြစ်တဲ့ လီဗာပူးအသင်းဟာ သူတို့အသင်းရဲ့ အဓိက တိုက်စစ်မှူးတစ်ဦး ဖြစ်တဲ့ မာနေးကို လက်လွှတ်ခဲ့ရပါက အစားထိုး ခေါ်ယူမယ့် ကစားသမားတစ်ဦးကို စီစဉ်ထားပြီးပြီဖြစ်တယ်လို့ အင်္ဂလန်အခြေစိုက် သတင်းဌာန အချို့က ဖော်ပြသွားခဲ့ကြပါတယ်။ ပရီးမီးယားလိဂ်ကလပ် ဆောက်သမ်တန်အသင်းကနေ လီဗာပူးအသင်းထံကို ပြောင်းရွှေ့ကြေး ပေါင် ၄၀သန်း ဝန်းကျင်နဲ့ ပြောင်းရွှေ့လာခဲ့တဲ့ မာနေး ဟာ လက်ရှိအချိန်မှာ ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံး ကစားသမားတွေထဲက တစ်ဦး အဖြစ် သတ်မှတ်ခံထားရသူဖြစ်ပြီး စပိန် အင်အားကြီးအသင်းတစ်သင်း ဖြစ်တဲ့ ရီးရဲလ် မက်ဒရစ်အသင်းဟာ သူတို့အသင်းရဲ့ တိုက်စစ် ကို ပြုပြင်တဲ့အနေနဲ့ မာနေးကို ခေါ်ယူချင်နေကြောင်း သိထားရပါတယ်။

Photo Credit: Mirror.com

လတ်တလောမှာ ထွက်ပေါ်ထားတဲ့ သတင်းတွေအရတော့ ရီးရဲလ်မက်ဒရစ်အသင်းဟာ အသက်အရွယ်ရလာတဲ့ တိုက်စစ်မှူး ဘန်ဇီမာရဲ့ နေရာနဲ့ ချယ်လ်ဆီးအသင်းကနေ အားကိုးတကြီးနဲ့ ခေါ်ယူထားခဲ့တဲ့ တောင်ပံတိုက်စစ် ကစားသမားဖြစ်သူ ဟာဇက်တို့ရဲ့ ခြေစွမ်းတွေကို ယုံကြည်မှု မရှိတော့တာကြောင့် မြန်ဆန်တဲ့ ပြေးနှုန်းတွေကို ပိုင်ဆိုင်ထားသလို နည်းစနစ် ကြွယ်ဝတဲ့ မာနေးကို သူတို့အသင်းရဲ့ အနာဂတ် အဖြစ် ရှုမြင်ထားတယ်လို့ သိရပါတယ်။ ယနေ့ မနက်အစောပိုင်းမှာတော့ လီဗာပူးမြို့မှာ အခြေစိုက်ထားတဲ့ သတင်းဌာနတွေက ရီးရဲလ် မက်ဒရစ်ဟာ မာနေးကို စိတ်ဝင်စားနေတယ်ဆိုတဲ့ သတင်းတွေကို အတည်ပြုပေးထားကြပြီး လီဗာပူးအသင်းအနေနဲ့လည်း ထိုက်တန်တဲ့ ပြောင်းရွှေ့ကြေးသာ ရပါက ရောင်းချသွားမှာဖြစ်ကာ ပြင်သစ်လူငယ်တိုက်စစ်မှူး ဖြစ်တဲ့ အမ်ဘာပေကို မာနေးရဲ့နေရာကို အစားထိုးနိုင်သူအဖြစ် သတ်မှတ်ထားကြောင်း ဖော်ပြခဲ့ကြပါတယ်။

Photo Credit: Mirror.com

ပြင်သစ်အသင်းနဲ့အတူ ကမ္ဘာ့ဖလားကို ရယူထားနိုင်သလို ပီအက်စ်ဂျီအသင်းနဲ့အတူ ဆုဖလားပေါင်းများစွာကို ယူထားနိုင်ခဲ့တဲ့ အသက် ၂၁နှစ်အရွယ် တိုက်စစ်မှူး အမ်ဘာပေဟာ လက်ရှိ ကမ္ဘာ့အကောင်းဆုံးတိုက်စစ်မှူးတွေထဲက တစ်ဦးအဖြစ် သတ်မှတ်ခံထားရသူဖြစ်ပြီး မက်ဆီနဲ့ရိုနယ်ဒိုတို့ ခေတ်လွန်မှာ ဘောလုံး လောကရဲ့ အကောင်းဆုံး ကစားသမား ဖြစ်လာမယ့်သူအဖြစ် ထင်ကြေးပေးခံထားရသူပါ။ လီဗာပူးအသင်းနဲ့ နီးစပ်သူတွေရဲ့ အဆိုအရ လီဗာပူးအသင်းရဲ့ ကင်းထောက်တွေဟာ အမ်ဘာပေရဲ့ ခြေစွမ်းအပေါ် အလွန်နှစ်သက် နေကြောင်းနဲ့ လီဗာပူးအသင်းရဲ့ တာဝန်ရှိသူတွေကလည်း အမ်ဘာပေအနေနဲ့ သူတို့အသင်းထံကို ပြောင်းလာလိမ့်မယ်လို့ ယုံကြည်ထားကြောင်း သိထားရပါတယ်။ ဒါပေမယ့် လီဗာပူးအသင်းဟာ အမ်ဘာပေကို ခေါ်ယူနိုင်ဖို့အတွက် ပီအက်စ်ဂျီအသင်း တောင်းဆိုတဲ့ ပြောင်းရွှေ့ကြေးကို ပေးချေရမှာဖြစ်ကြောင်းနဲ့ ပြောင်းရွှေ့ကြေးဟာ အနိမ့်ဆုံး ပေါင်၁၈၀သန်းကနေ စတင်မှာဖြစ်တယ်လို့ ဘောလုံးကျွမ်းကျင်သူတွေက သုံးသပ်ထားကြပါတယ်။