လီဗာပူးလ် နည်းပြ ကလော့ပ်ကတော့ ဝက်ဖို့ဒ်အသင်းကို ရှုံးနိမ့်သွားခဲ့တဲ့ အကြောင်းအရင်းမှာ သူ့ရဲ့ လီဗာပူးလ်အသင်း ကောင်းစွာ မကစားနိုင်ခဲ့တာကြောင့် နဲ့ ဝက်ဖို့ဒ်အသင်းက (၆-၃-၁) ကစားကွက်နဲ့ ခံစစ်ပိတ် ကစားခဲ့တာကြောင့် ဖြစ်ပါတယ်လို့ အခိုင်အမာ ပြောကြားခဲ့ပါတယ်။ နည်းပြ ကလော့ပ်ရဲ့ လီဗာပူးလ်အသင်းဟာ တနင်္ဂနွေနေ့ညက ကစားခဲ့တဲ့ ပရီးမီးယား လိဂ် ပွဲစဉ် (၂၈) မှာ နည်းပြ ပီယာဆန်ရဲ့ ဝက်ဖို့ဒ်အသင်းကို (၃-ဝ) နဲ့ ဂိုးပြတ် ရှုံးနိမ့်ခဲ့ပြီး ဆားရ်ရဲ့ သွင်းဂိုး (၂) ဂိုး နဲ့ ဒီယာနေးရဲ့ သွင်းဂိုးကို ခွင့်ပြုခဲ့ရတာကြောင့် ရှုံးနိမ့်သွားခဲ့တာ ဖြစ်ပါတယ်။

Photo Credit: Onefootball

လီဗာပူးလ်အသင်းဟာ ဝက်ဖို့ဒ်အသင်းကို ရှုံးနိမ့်ခဲ့တာကြောင့် ပရီးမီးယားလိဂ် ရှုံးပွဲမရှိ စံချိန် ရပ်တန့်သွားခဲ့ပေမဲ့လည်း ပရီးမီးယားလိဂ် ပွဲစဉ် (၂၈) ကစားပြီးတဲ့ အခါမှာ ရမှတ် (၇၉) မှတ် ရရှိထားပြီး (၂၂) မှတ် ဖြတ်ထားတာကြောင့် ပရီးမီးယားလိဂ်ကို ရရှိဖို့ သေချာဆဲ ဖြစ်ပါတယ်။ နည်းပြ ကလော့ပ်ကတော့ မနက်ဖြန်၊ အင်္ဂါနေ့ည၊ ဗုဒ္စဟူးနေ့ နံနက် (၂း၁၅) အချိန်၊ ချဲလ်ဆီး အသင်းနဲ့ ကစားရမယ့် အက်ဖ်အေ ဖလား ပဉ္စမအဆင့် ပွဲစဉ် မတိုင်ခင်မှာ ဝက်ဖို့ဒ်အသင်းကို ရှုံးနိမ့်ရတဲ့ အကြောင်းအရင်းကို ပြောပြခဲ့ပြီး ကောင်းစွာ မကစားခဲ့လို့ပါလို့ ပြောသွားခဲ့ပါတယ်။

Photo Credit: Onefootball

နည်းပြ ကလော့ပ်က “ဝက်ဖို့ဒ်အသင်းကို ရှုံးနိမ့်ခဲ့တာအတွက် အကြောင်းပြချက် အများကြီးကို ရှိနေပါတယ်။ ကျွန်တော့်မှာ အဲဒီရှုံးပွဲအတွက် စိတ်ဝင်စားစရာ အဖြေတော့ မရှိပါဘူး။ ဒါပေမဲ့ ကျွန်တော်တို့ ကောင်းစွာ မကစားခဲ့တာပါပဲ။ ဝက်ဖို့ဒ်အသင်းက ကျွန်တေ်ာတို့ ပုံမှန်ထက် ပိုပြီး ကောင်းနေတဲ့ အချိန်မှာပဲ ဒုက္ခပေးခဲ့ပါတယ်။ အဲဒီနေ့ပွဲစဉ်က ကျွန်တော်တို့ရဲ့ အကောင်းဆုံး စိတ်သဘောထားကို ပြသနိုင်ခဲ့တဲ့ နေ့ မဟုတ်ပါဘူး။ ဒီပွဲစဉ်ဟာ အလွန်ကို ခက်ခဲခဲ့ပါတယ်။ ဘာလို့လဲဆိုရင် ဝက်ဖို့ဒ်အသင်းက (၆-၃-၁) ကစားကွက်နဲ့ ခံစစ်ကစားခဲ့တာကြောင့်ပါ။ အဲဒီကစားကွက်နဲ့ ကစားလို့ ရပါတယ်။ ဒါပေမဲ့ အဲဒီကစားကွက်ကို ယှဉ်ကစားဖို့က အတော်လေး စိန်ခေါ်မှု ဖြစ်ပါတယ်။ ဒုတိယပိုင်းမှာ ပြန်လာနိုင်လိမ့်မယ်လို့ ထင်ခဲ့တာပါ”လို့ ပြောခဲ့ပါတယ်။