လီဗာပူးလ်အသင်းနည်းပြ ယာဂင်ကလော့ပ်က မနေ့ည လက်စတာစီးတီးအသင်းနဲ့ ရင်ဆိုင်ခဲ့ရတဲ့ ခါရာဘောင်းလိဂ်ဖလား ကွာတားဖိုင်နယ်ပွဲစဉ်မှာ အသင်းအတွက် ပွဲထွက်ကစားခဲ့ရင်း ပင်နယ်တီအဆုံးအဖြတ် ခံယူရာမှာ လက်စတာအသင်းရဲ့ ပင်နယ်တီကန်သွင်းမှု (၂)ကြိမ်ကို ကာကွယ်မှု ပြုလုပ်သွားနိုင်တဲ့အတွက် လီဗာပူးလ်အသင်းလည်း လက်စတာကို ပင်နယ်တီအဆုံးအဖြတ်နဲ့ ကျော်ဖြတ်နိုင်ခဲ့ပြီး လိဂ်ဖလား ဆီမီးဖိုင်နယ်အဆင့်ထိကို တတ်လှမ်းသွားခဲ့ရပါတယ်။

Photo Credit : The Independent

အသက်(၂၃)နှစ်အရွှယ်ရှိ အိုင်ယာလန်ဂိုးသမားလေး ကလယ်ဟာက လီဗာပူးလ် လူငယ်အသင်းကနေ ပေါ်ထွက်လာခဲ့တဲ့ အိုင်းရစ်ဂိုးသမားတစ်ဦးဖြစ်ပြီး ဒီနှစ်ဘောလုံးရာသီအတွင်း ဝက်ဖိုဒ့်အသင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်နဲ့ လက်စတာအသင်းနဲ့ ရင်ဆိုင်ခဲ့ရတဲ့ လိဂ်ဖလား ကွာတားဖိုင်နယ်ပွဲစဉ်တွေမှာ အသင်းရဲ့ ပွဲထွက်ဂိုးသမားအဖြစ် ပါဝင်ကစားခွင့်တွေ ရရှိထားခဲ့တာ ဖြစ်ပါတယ်။ ကလယ်ဟာက မနေ့ညက ပွဲစဉ်အတွင်းမှာ လက်စတာအသင်းရဲ့ သွင်းဂိုး(၃)ဂိုးကို ခွင့်ပြုခဲ့ရတယ် ဆိုပေမယ့်လည်း တစ်ပွဲလုံးအတွင်း ကာကွယ်မှု (၄)ကြိမ် ပြုလုပ်နိုင်ခဲ့သလို (၃)ဂိုးစီ သရေကျနေလို့ ပင်နယ်တီ အဆုံးအဖြတ် ခံယူခဲ့ရာမှာလည်း အရေးပါလှတဲ့ ပင်နယ်တီကန်ချက်(၂)ကြိမ်ကို ကာကွယ်နိုင်ခဲ့လို့ သူရဲ့လီဗာပူးလ်အသင်း ဆီမီးဖိုင်နယ်ထိ တတ်လှမ်းနိုင်ခဲ့ရတာလည်း ဖြစ်ပါတယ်။

Photo Credit : Daily Mail

ပင်နယ်တီ အဆုံးအဖြတ်မှာ သူရဲကောင်း ဖြစ်ခဲ့ရတဲ့ ဂိုးသမားကလယ်ဟာနဲ့ပတ်သက်ပြီး ယာဂင်ကလော့ပ်က “သူက ထူးချွန်လှတဲ့ ဂိုးသမားပါ။ သူက အရည်အသွေးကောင်းတွေနဲ့ ပြည့်ဝနေတဲ့ ကစားသမားတစ်ဦးဆိုတာကို ကျွန်တော် ထပ်မပြောလိုတော့ပါဘူး။ ဒါပေမယ့် သူဟာ အရမ်းကို ပြောင်မြောက်လွန်းတဲ့ ဂိုးသမားတစ်ယောက်။ ခြေထောက်ရွှေ့လျားမှုတွေ ပွဲအပေါ် နားလည်နိုင်မှုတွေလည်း အရမ်းကောင်းမွန်တဲ့ ဂိုးသမားတစ်ယောက်ပါ။ ဒါအရမ်းကောင်းတယ်။ ဒီ်လို အံ့မခန်းတဲ့ ပွဲစဉ်တွေမှာ သူပါဝင်နိုင်ခဲ့တာကလည်း ပထမဆုံးအကြိမ် မဟုတ်တော့ပါဘူး။ ကျွန်တော်တို့တွေ နောက်တစ်ဆင့်ကို ထပ်မံလှမ်းနိုင်ဖို့အတွက် သူရဲ့ကာကွယ်နိုင်မှုက အတော်လေးကို အထောက်အကူ ဖြစ်ခဲ့ရတယ်။ အပြောင်းအလဲတွေများစွာ လုပ်ဆောင်ထားခဲ့ရလို့လည်း ပထမပိုင်း ပွဲကစားချိန်တွေအတွင်းမှာ ကျွန်တော်တို့အသင်းအနေနဲ့ ဘောလုံးကစားရတာက ခက်ခဲမှုတွေ ရှိခဲ့ရပေမယ့် ပြိုင်ပွဲဝင်စိတ်ဓါတ်ကောင်းတွေနဲ့ နိုင်ပွဲရအောင် စွမ်းဆောင်နိုင်ခဲ့လို့ အသင်းရဲ့ ရလဒ်အတွက် ကျွန်တော် အရမ်းကို ပျော်ရွှင်ရမိပါတယ်” လို့ ပြောဆိုသွားခဲ့ပါတယ်။ လက်စတာကို ပင်နယ်တီ အဆုံးအဖြတ်နဲ့ အနိုင်ယူ ကျော်ဖြတ်လာခဲ့တဲ့ လီဗာပူးလ်အသင်းဟာ အာဆင်နယ်အသင်းနဲ့ လိဂ်ဖလား ဆီမီးဖိုင်နယ်မှာ တွေ့ဆုံရမှာဖြစ်ပြီး အာဆင်နယ်ကိုပါ ထပ်မံကျော်ဖြတ်နိုင်ခဲ့ရင် ချယ်လ်ဆီးနဲ့စပါးအသင်းတို့ကနေ အနိုင်ရလာမယ့်အသင်းနဲ့ ဖိုင်နယ်မှာ ရင်ဆိုင်တွေ့ဆုံရဦးမှာ ဖြစ်ပါတယ်။