ပရီးမီးယားလိဂ် အင်အားကြီးအသင်း နှစ်သင်း ဖြစ်တဲ့ မန်ချက်စတာ စီးတီးနဲ့ လီဗာပူးတို့ဟာ အာဆင်နယ်ရဲ့ အကယ်ဒမီထွက် ကစားသမား တဦး ဖြစ်သူ ဘူကာယို ဆာကာကို လာမယ့် နွေရာသီ အပြောင်းအရွှေ့မှာ ခေါ်ယူဖို့ စိတ်ဝင်စားနေကြကြောင်း အင်္ဂလန် အခြေစိုက် သတင်းဌာနတွေက ဖော်ပြသွားကြပါတယ်။

ငရုတ်သီးလေးလို့ နာမည်ပြောင် ရထားတဲ့ အာဆင်နယ် လူငယ်ကြယ်ပွင့် ဘူကာယို ဆာကာဟာ အသက် ၂၀ အရွယ်သာ ရှိသေးပေမယ့် အာဆင်နယ်နဲ့ အင်္ဂလန် အတွက် အရေးပါတဲ့ ကစားသမား တဦး အဖြစ် ခြေစွမ်းပြ ကစားနေတဲ့ ကစားသမားလည်း ဖြစ်ပါတယ်။

Photo Credit: Metro

ဘယ်ခြေအားသန် ကစားသမား တဦး ဖြစ်သူ ဆာကာဟာ ဘောလုံးစွမ်းရည် မြင့်မားတဲ့ ကစားသမား တဦး ဖြစ်သလို အာဆင်နယ် အကယ်ဒမီထွက် ကစားသမား တဦး ဖြစ်တာကြောင့် အပေးအယူပိုင်းနဲ့ ဘောလုံးအမြင်လည်း စူးရှသူ တဦးပါ။

ဒါကြောင့်ပဲ ပရီးမီးယားလိဂ်ရဲ့ အင်အားကြီးအသင်း နှစ်သင်း ဖြစ်တဲ့ မန်ချက်စတာ စီးတီးနဲ့ လီဗာပူးတို့က အသက်အရွယ် ရလာတဲ့ သူတို့ရဲ့ တောင်ပံတိုက်စစ် ကစားသမားတွေရဲ့ နေရာကို အစားထိုးဖို့ အတွက် ဘူကာယို ဆာကာကို မျက်စိကျနေတာ ဖြစ်ပြီး ဆာကာရဲ့ ကစားပုံကို အနီးကပ် လေ့လာ စောင့်ကြည့်ဖို့ ကင်းထောက်တွေ အသီးသီး စေလွှတ်ထားကြကြောင်း နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Daily Mail သတင်းဌာနက ဆိုပါတယ်။

Photo Credit: Metro

လန်ဒန်မြို့ အခြေစိုက် သတင်းဌာနတွေကလည်း ဆာကာကို ခေါ်ယူဖို့ အတွက် ဥရောပ ထိပ်သီးအသင်း တချို့က စောင့်ကြည့်နေကြကြောင်း အတည်ပြု ပေးထားကြပြီး အာဆင်နယ်ဟာ ဆာကာကို လက်မလွှတ်ရစေရန် ကာလရှည် စာချုပ်သစ် တရပ် ထပ်မံ ချုပ်ဆိုဖို့ ပြင်ဆင်နေကြောင်းလည်း သိရပါတယ်။

ဆာကာဟာ အာဆင်နယ်နဲ့ ၂၀၂၄ခုနှစ် အထိ စာချုပ်သက်တမ်း ကျန်ရှိနေသေးသူ ဖြစ်ပေမယ့် အာဆင်နယ်ဘက်က သူ့ကို လုပ်ခလစာ တိုးမြှင့်ပေးပြီး စာချုပ်သစ် ချုပ်ဆိုချင်နေကာ ဆာကာရဲ့ အေးဂျင့်ကတော့ စာချုပ်သစ် ချုပ်ဆိုမယ့် ကိစ္စကို ရာသီကုန်မှသာ စဉ်းစားဖို့ ကစားသမားကို တိုက်တွန်းနေပါတယ်။