ဒီနှစ်ဘောလုံးရာသီအကုန်မှာ လီဗာပူးလ်အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မယ့် နယ်သာလန်ကွင်းလယ်ကစားသမား ဝိုင်နယ်ဒန်ကို အသင်းဘက်ကနေ စာချုပ်သစ်ချုပ်ဆိုဖို့အတွက် ကမ်းလှမ်းမှုတွေ လုပ်ဆောင်ထားပေမယ့်လည်း ကစားသမားဘက်ကို သက်တမ်းတိုးဖို့ထက် အသင်းနဲ့လမ်းခွဲပြီး ဘာစီလိုနာအသင်းဆီကို ပြောင်းရွှေ့ဖို့ စိတ်အားထက်သန်နေတာမို့ သူရဲ့နေရာမှာ အစားထိုးဖို့အတွက် လိုင်လီအသင်းရဲ့ ကွင်းလယ်ကစားသမား ရီနာတိုဆန်းချက်စ်ကို ပစ်မှတ်ထားနေတယ်လို့ သိရပါတယ်။

Photo Credit : Goal

အသက်(၂၃)နှစ်သာရှိသေးတဲ့ ပေါ်တူဂီကွင်းလယ်ကစားသမား ရီနာတိုဆန်းချက်စ်ဟာ ပေါ်တူဂီအသင်း ၂၀၁၆ ယူရိုဖလားကို ဗိုလ်စွဲခဲ့တဲ့နှစ်မှာပဲ စတင်ထွန်းတောက်လာခဲ့တဲ့ ကစားသမားတစ်ယောက်ဖြစ်ကာ အဲ့ဒီပြိုင်ပွဲကြီးအပြီးမှာပဲ ဘင်ဖီကာကနေ ဘိုင်ယန်မြူးနစ်ဆီ ပြောင်းရွှေ့ခွင့်ရခဲ့ကာ ဘိုင်ယန်မှာ ခြေမပေါ်ခဲ့တာကြောင့် ၂၀၁ရခုနှစ်မှာတော့ ဆွမ်ဆီးအသင်းဆီကို အငှားစာချုပ်နဲ့ အံ့အားသင့်စဖွယ် ရောက်ရှိလာခဲ့ရပါတယ်။ ဆန်းချက်စ်ဟာ လက်ရှိမှာတော့ လီဂူးကလပ် လိုင်လီအသင်းမှာ ပါဝင်ကစားနေလျက်ရှိပြီး သူ့ကို ဝုလ်ဗ်အသင်းကပါ ပစ်မှတ်ထားလျက် ရှိနေတယ်လို့ သိရပါတယ်။

Photo Credit : Goal

ပြင်သစ်အခြေစိုက် သတင်းမီဒီယာတစ်ခုဖြစ်တဲ့ Le10Sport ရဲ့ ဖော်ပြချက်တွေအရ ရီနာတိုဆန်းချက်စ်ကို ဝုလ်ဗ်နဲ့အပြိုင် လီဗာပူးလ်အသင်းကလည်း ခေါ်ယူသွားဖို့ စိတ်ဝင်စားလျက်ရှိနေတယ်လို့ သိရပါတယ်။ လီဗာပူးလ်အသင်းဟာ လက်ရှိအချိန်မှာ စာချုပ်သစ်ကိစ္စ အဆင်မပြေဖြစ်တဲ့ အသင်းရဲ့ နယ်သာလန်လက်ရွေးစင် ကွင်းလယ်ကစားသမား ဝိုင်နယ်ဒန်ရဲ့နေရာမှာ အစားထိုးဖို့အတွက် ဆန်းချက်စ်ကို ပစ်မှတ်ထားလာခဲ့တာဖြစ်ပြီး လာမယ့်ဆောင်းရာသီစျေးကွက်အတွင်းမှာပဲ ကမ်းလှမ်းမှုတွေ လုပ်ဆောင်ကြဖွယ် ရှိနေတယ်လို့ သိရပါတယ်။ ဒါပေမယ့် လိုင်လီအသင်းဘက်ကတော့ သူတို့ရဲ့ ကစားသမားကို အသင်းကနေ ရောင်းချသွားဖို့ အစီအစဉ်မရှိပဲ မဖြစ်မနေ ရောင်းချရမယ်ဆိုရင်လည်း ပြောင်းရွှေ့ကြေးကို ပေါင်(၄၅)သန်းလောက်အထိ တောင်းဆိုဖွယ်ရှိနေပါတယ်။ လီဗာပူးလ်နည်းပြ ယာဂင်ကလော့ကတော့ အသင်းရဲ့ အဓိက ကစားသမားတစ်ဦးဖြစ်တဲ့ ဝိုင်နယ်ဒန်ကို အသင်းမှာပဲ ဆက်လက်ရှိနေချင်တာဖြစ်ပေမယ့် ဝိုင်နယ်ဒန်ကိုယ်တိုင်က နယ်သာလန်လက်ရွေးစင်နည်းပြဟောင်း ရော်နယ်ကိုးမန်း ကိုင်တွယ်နေတဲ့ ဘာစီလိုနာအသင်းဆီကို ပြောင်းရွှေ့ချင်နေတာကြောင့် သူ့နေရာမှာ အစားထိုးဖို့အတွက် ကွင်းလယ်ကစားသမားတစ်ဦးကို ရှာဖွေနေပြီး ဘရိုက်တန်ကွင်းလယ်လူ ဘစ်ဆူးမားကိုလည်း ပစ်မှတ်ထားလို့နေပါတယ်။