လီဗာပူးလ်အသင်းရဲ့ အင်္ဂလန်တိုက်စစ်ကစားသမားဟောင်း မိုက်ကယ်အိုဝင်က သူရဲ့အသင်းဟောင်း လီဗာပူးလ်အသင်းအနေနဲ့ တီမိုဝါနာလို တိုက်စစ်မှူးမျိုးကို မခေါ်ယူနိုင်ခဲ့တာ အရမ်းကို နစ်နာရာကောင်းပြီး ဒီလို မခေါ်ယူနိုင်ခဲ့တာကလည်း လီဗာပူးလ်အသင်းရဲ့ ဘယ်ဂျီယံတိုက်စစ်ကစားသမား အော်ရီဂီကြောင့်သာဖြစ်ပြီး အော်ရီဂီကို နှစ်ရှည်စာချုပ်သစ်တစ်ရပ် ချုပ်ဆိုထားတာကြောင့်မို့ အခြားတိုက်စစ်မှူးတစ်ယောက်ကို ငွေကြေးအကုန်အကျခံကာ ခေါ်ယူဖို့ စိတ်ကူးမရှိတော့တာဖြစ်တယ်လို့ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

Photo Credit : Metro

လိုက်ပ်ဇစ်အသင်းရဲ့ ဂျာမန်တိုက်စစ်မှူးဟောင်း တီမိုဝါနာဟာ ချယ်လ်ဆီးအသင်းကို မပြောင်းရွှေ့ခင် လီဗာပူးလ်အသင်းနဲ့ အပြောင်းအရွှေ့သတင်းတွေ အတော်လေး ထွက်ပေါ်ခဲ့သလို ဝါနာကိုယ်တိုင်က ယာဂင်ကလော့ရဲ့လက်အောက်မှာ ကစားလိုတယ်လို့ပါ ဝန်ခံပြောဆိုခဲ့ပေမယ့် လီဗာပူးလ်ဘက်ကနေ ဝါနာကို ခေါ်ယူဖို့အတွက် လိုက်ပ်ဇစ်ဘက်ကနေ သတ်မှတ်ထားတဲ့ တန်ကြေးကို မပေးချေလိုတာကြောင့် ချယ်လ်ဆီးအသင်းဆီကိုသာ ပြောင်းရွှေ့ခဲ့ရတာဖြစ်ကာ လာမယ့်ရာသီမှာတော့ လီဗာပူးလ်အသင်းကို ပြိုင်ဘက်အဖြစ် ရင်ဆိုင်ရတော့မှာဖြစ်ပါတယ်။

Photo Credit : Metro

ဒီလို ဝါနာကို လက်လွတ်လိုက်ရတာက အသင်းရဲ့တိုက်စစ်ကစားသမား အော်ရီဂီကို နှစ်ရှည်စာချုပ်သက်တမ်းတိုးထားတာကြောင့်ဖြစ်တယ်လို့ အိုဝင်က သုံးသပ်ပြောဆိုလာခဲ့ပါတယ်။ အိုဝင်က “အော်ရီဂီနဲ့ မီနာမီနိုတို့ လာမယ့်နှစ် အသင်းမှာရှိဦးမလားဆိုရင် သေချာပေါက်ကို ရှိဦးမှာပေါ့ဗျာ။ အော်ရီဂီဆိုရင် ပြီးခဲ့တဲ့နှစ်ကမှ အသင်းနဲ့ နှစ်ရှည်စာချုပ်တောင် ချုပ်ဆိုထားတာလေ။ မီနာမီနိုဆိုရင်လည်း အသင်းကို ရောက်တာတောင် လပိုင်းလေးပဲ ရှိသေးတာကို။ အော်ရီဂီက ချန်ပီယံလိဂ်မှာ အသင်းအတွက် စွမ်းဆောင်ထားခဲ့တာတွေကြောင့် အသင်းဘက်ကနေလည်း သူ့ကို သက်တမ်းတိုးဖို့ ကမ်းလှမ်းလာခဲ့တာပေါ့။ အခုတော့ ဒီလုပ်ရက်က ဝါနာအတွက် ပြောင်းရွှေ့ကြေးများစွာနဲ့ ခေါ်ယူမယ့်အရေးကို အဟန့်အတား ဖြစ်စေခဲ့ရရောလေ။ ဝါနာက လီဗာပူးလ်နဲ့ သတင်းတွေများကြီး ထွက်ပေါ်ခဲ့သူဖြစ်ပြီးတော့ လီဗာပူးလ်အတွက် တကယ့်ကို လိုအပ်တဲ့ ကစားသမားမျိုးပါ။ အခုတော့ အော်ရီဂီကို နှစ်ရှည်စာချုပ်ချုပ်ခဲ့တာက နောက်ထပ် တိုက်စစ်မှူးတစ်ယောက်ကို ခေါ်ယူမယ့်အရေးမှာ အနှောင့်အယှက်တစ်ခုလို ဖြစ်နေရပါတယ်” လို့ သူရဲ့ထင်မြင်ချက်တွေကို ပြောဆိုလာခဲ့ပါတယ်။ အသက်(၂၅)နှစ်အရွှယ် တိုက်စစ်ကစားသမား အော်ရီဂီဟာ ဒီရာသီမှာ လီဗာပူးလ်အတွက် ပြိုင်ပွဲစုံ(၃၉)ပွဲ ပါဝင်ကစားထားပေမယ့် ပွဲတော်တော်များများကတော့ လူစားဝင်ကစားရတာဖြစ်သလို သွင်းဂိုးလည်း (၅)ဂိုးသာ ရယူနိုင်ခဲ့ပါတယ်။