MySport Myanmar

ဗီလာရီးယဲလ်မှာ တောက်ပလို့နေတဲ့ ဒန်ဂျူးမားကို အမှန်အကန် စိတ်ဝင်စားနေတဲ့ လီဗာပူးလ်

လီဗာပူးလ်အသင်းဟာ အသင်းရဲ့ အဓိက ကစားသမားတွေဖြစ်တဲ့ ဆာဒီယိုမာနေးနဲ့ မိုဟာမက်ဆာလာတို့ကို လက်လွတ်ရမယ့်အချိန်မှာ သူတို့ရဲ့နေရာကို အသေအချာ ပြန်လည်အစားထိုးသွားနိုင်ဖို့အတွက် နောက်ထပ် တောင်ပံကစားသမားအဖြစ် ဗီလာရီးယဲလ်အသင်းရဲ့ winger အာနတ်ဒန်ဂျူးမားကို အမှန်အကန် စိတ်ဝင်စားနေတယ်လို့ သတင်းတွေကနေ ဖော်ပြနေကြသလို ဒန်ဂျူးမားကို လီဗာပူးလ်အပြင် ဝက်စ်ဟမ်းနဲ့ နယူးကာဆယ်တို့ပါ အပြိုင်စိတ်ဝင်စားနေကြလျက် ရှိနေတယ်လို့ သိရပါတယ်။

Photo Credit : The Sun

လီဗာပူးလ်အသင်းဟာ အသင်းရဲ့ တိုက်စစ်ပိုင်းမှာ ဆာလာ မာနေးတို့လို တကယ့် ဒိတ်ဒိတ်ကြဲ ထိပ်တန်းကစားသမားကောင်းတွေ ပိုင်ဆိုင်ထားပြီး ဒီတိုက်စစ် အတွဲအဖက်ကြောင့် အသင်းက အောင်မြင်မှုတွေ ရရှိနေပေမယ့် ကစားသမားတွေရဲ့ အနာဂတ်က ယတိပြတ် ခိုင်မာနေတယ်လို့ ပြောလို့မရသေးပဲ ကစားသမား(၂)ယောက်လုံးကို သက်တမ်းတိုးဖို့အတွက်ပါ အတော်လေးကို ကြိုးပမ်းနေရပါတယ်။ တကယ်လို့ ဒီကစားသမားထဲက တစ်ဦးဦးကို ဆုံးရှုံးရမယ်ဆိုရင် သူတို့နေရာမှာ ရေရှည်အစားထိုးသွားဖို့အတွက် တကယ့် အရည်အသွေးမြင့် တောင်ပံကစားသမားတစ်ဦးကို ပစ်မှတ်ထားနေတာ ဖြစ်ပါတယ်။

Photo Credit : The Sun

ဒီကစားသမားက ပြီးခဲ့တဲ့ရက်ပိုင်းကပဲ ဘိုင်ယန်မြူးနစ်အသင်းဘက်ကို တစ်လုံးတည်းသော အနိုင်ဂိုး သွင်းယူနိုင်ခဲ့တဲ့ ဗီလာရီးယဲလ် တောင်ပံကစားသမား ဒန်ဂျူးမား ဖြစ်ပါတယ်။ နယ်သာလန်လက်ရွေးစင် တောက်ပံကစားသမား ဒန်ဂျူးမားဟာ PSV လူငယ်အသင်းကနေ ပေါ်ထွက်လာခဲ့သူဖြစ်ပြီး ၂၀၁၉ခုနှစ်မှာ ဘုန်းမောက်အသင်းကို ရောက်ရှိလာခဲ့ကာ ပရီးမီးယားလိဂ်မှာပါ ကျင်လည်ခဲ့ဖူးသလို ၂၀၁၉-၂၀၂၀ ဘောလုံးရာသီအကုန်မှာလည်း ဘုန်းမောက်ရဲ့ တစ်နှစ်တာ အကောင်းဆုံး ကစားသမားအဖြစ်နဲ့ပါ ရွေးချယ်သတ်မှတ်ခံခဲ့ရပါတယ်။ ဒါပေမယ့် ဘုန်းမောက်က ပရီးမီးယားလိဂ်ကနေ တန်းဆင်းသွားခဲ့ရလို့ ချန်ပီယံရှစ်မှာ တစ်ရာသီ လိုက်ပါကျင်လည်ခဲ့ရင်း သူရဲ့ခြေစွမ်းခြေစတွေကို သိရှိထားတဲ့ ဗီလာရီးယဲလ်အသင်းက ဒန်းဂျူးမားကို ချန်ပီယံရှစ်ကနေ ယူရို(၂၅)သန်းလောက်နဲ့ကို ခေါ်ယူခဲ့ရာ အခုဆိုရင်ပဲ ဒန်ဂျူးမားဟာ ဘိုင်ယန်ဘက်ကို သွင်းယူခဲ့တဲ့ သွင်းဂိုးအပါအဝင် ဒီရာသီ သူရဲ့ချန်ပီယံလိဂ်သွင်းဂိုးက (၆)ဂိုးထိ ရှိလာခဲ့ရသလို အသင်းကိုလည်း ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်ထိပါ ပို့ဆောင်ပေးဖွယ် ရှိနေတာကြောင့် ဒီအသက်(၂၅)နှစ်အရွှယ် ကစားသမားကို လီဗာပူးလ်ဘက်ကနေ အရခေါ်ယူသွားဖို့ သေသေချာချာကို စိတ်ဝင်စားလာခဲ့ရတာ ဖြစ်ပါတယ်။

Exit mobile version