မကြာသေးခင်ကမှ နာမည်ကျော်နည်းပြ ဟိုဆေးမော်ရင်ဟိုကို အသင်းရဲ့နည်းပြရာထူးကနေ ထုတ်ပယ်ပြီး အသင်းရဲ့ ကစားသမားဟောင်း ရိုင်ယန်မေဆင်ကို ယာယီနည်းပြအဖြစ် တာဝန်ပေးထားတဲ့ စပါးအသင်းဟာ ဒီနှစ်ဘောလုံးရာသီအကုန်မှာတော့ နည်းပြသစ်တစ်ဦးကို ပြောင်းလဲခန့်အပ်သွားမှာဖြစ်လို့ နည်းပြများစွာကို ပစ်မှတ်ထားနေလျက်ရှိရာ လီဗာပူးလ်အသင်းရဲ့ ဂန္တဝင်ကစားသမားလည်းဖြစ် လက်ရှိရိန်းဂျားအသင်းရဲ့ နည်းပြလည်းဖြစ်တဲ့ စတီဗင်ဂျရတ်ကသာ စပါးနည်းပြရာထူးအတွက် အသင့်လျော်ဆုံးလို့ ဝက်ဖိုဒ့်တိုက်စစ်မှူးကြီး ဒီနေးက ပြောဆိုလာခဲ့ပါတယ်။

Photo Credit : Sky Sports

ဂျရတ်ဟာ ဘောလုံးသမားဘဝကနေ အနားယူပြီးနောက် နည်းပြလောကထဲကို စတင်ဝင်ရောက်လာခဲ့ချိန်မှာ စကော့တလန်ကလပ် ရိန်းဂျားအသင်းကို ကိုင်တွယ်ဖြစ်ခဲ့ပြီး ဒီနှစ်ရာသီမှာတော့ ရိန်းဂျားအသင်းကို စကော့တလန် အမှတ်ပေးချန်ပီယံ ဖြစ်လာစေခဲ့တဲ့အထိ အကောင်းဆုံးကိုင်တွယ်ထားနိုင်ခဲ့ပါတယ်။ ဒီလို စွမ်းဆောင်ရည်ကောင်းတွေကြောင့် ဂျရတ်ကို နည်းပြအဖြစ် ခန့်အပ်သွားဖို့ အသင်းများစွာကို ချိန်ရွှယ်လာခဲ့ပြီး စပါးအသင်းအနေနဲ့လည်း ဂျရတ်လို အရည်အသွေးရှိတဲ့ နည်းပြမျိုးကို လိုအပ်နေလိမ့်မယ်လို့ ဒီနေးက ပြောဆိုလာခဲ့ပါတယ်။

Photo Credit : Rangers Football Club

ဒီနေးက “စပါးအသင်းအတွက် အသင့်တော်ဆုံး နည်းပြတစ်ယောက် ရှိနေပါတယ်။ သူက ရိန်းဂျားအသင်းမှာ ကစားသမားတွေရဲ့ စွမ်းဆောင်ရည်ကို တိုးတတ်လာအောင် လုပ်ဆောင်ပေးခဲ့တဲ့ သူပါ။ သူကသာ စပါးအသင်းနည်းပြရာထူးအတွက် အထိုက်တန်ဆုံးလို့ ကျွန်တော်မြင်မိတယ်” လို့ မှတ်ချက်ပြု ပြောဆိုသွားခဲ့ပါတယ်။ ဘောလုံးသမားဘဝမှာပါ အကောင်းဆုံးစွမ်းရည်တွေ ပြသနိုင်ခဲ့တဲ့ ဂျရတ်ဟာ ရိန်းဂျားအသင်းကို ကိုင်တွယ်ချိန်မှာလည်း သူရဲ့နည်းပြစွမ်းရည်ကောင်းတွေ ပြသနိုင်ခဲ့ပြီး ဒီရာသီမှာဆိုရင် အသင်းကို အမှတ်ပေးချန်ပီယံဖြစ်အောင်မကပဲ အခုချိန်ထိ လိဂ်ရှုံးပွဲ လုံးဝမရှိသေးအောင်ပါ စွမ်းဆောင်ထားနိုင်ခဲ့ပါတယ်။ ဒါကြောင့်ပဲ ဂျရတ်ကို သူရဲ့အသင်းဟောင်း လီဗာပူးလ်အသင်းကနေပါ စိတ်ဝင်စားလာခဲ့ပြီး ဒီရာသီမှာ အသင်းကို ပုံစံကောင်းရအောင် မလုပ်ဆောင်ပေးထားနိုင်တဲ့ ယာဂင်ကလော့ပ်နဲ့ လက်တွဲဖြုတ်ဖြစ်ခဲ့ရင် ဂျရတ်နဲ့ အစားထိုးသွားဖို့ အသင်းဘက်ကနေ ဆန္ဒရှိလို့နေပါတယ်။ စပါးအသင်းကတော့ ဂျရတ်ထက် နည်းပြအတွေ့အကြုံကောင်းတွေရှိပြီး တိုက်စစ်ကို အသားပေးကစားတတ်တဲ့ နည်းပြမျိုးကိုသာ အလိုရှိနေတာကြောင့် အေဂျက်စ်နည်းပြ တန်ဟက်ဂ်ကို ကမ်းလှမ်းဖွယ် ရှိနေပါတယ်။