လီဗာပူးလ်အသင်းက ဒီနှစ်ဘောလုံးရာသီအတွင်း ပရီးမီးယားလိဂ်မှာသာမကပဲ ချန်ပီယံလိဂ်မှာပါ ခြေစွမ်းပိုင်းနဲ့ ရလဒ်ပိုင်းတွေ ကျဆင်းမှုတွေနဲ့ ရင်ဆိုင်နေရပေမယ့်လည်း နယ်သာလန် ထိပ်သီးကလပ် အိုင်းယတ်စ်အသင်းနဲ့ ယှဉ်ပြိုင်ရမယ့် ချန်ပီယံလိဂ် အုပ်စုပွဲစဉ်မှာတော့ လီဗာပူးလ်အနေနဲ့ ပုံစံကောင်းတွေ ပြန်လည် ပြသပြီး ရလဒ်လည်း ကောင်းမွန်လာနိုင်တယ်လို့ ကစားသမားဟောင်းကြီး ဒါကောက်ချ်က သုံးသပ်ပြောဆိုသွားခဲ့ပါတယ်။

Photo Credit : BBC

လီဗာပူးလ်အသင်းဟာ ဒီရာသီမှာ ပရီးမီးယားလိဂ် (၆)ပွဲကစားထားပြီးနောက် နိုင်ပွဲက (၂)ပွဲသာ ရရှိထားတာကြောင့် အဆင့်(၇)နေရာထိ ရောက်ရှိနေရသလို အမှတ်ပေးဇယားထိပ်က အာဆင်နယ်နဲ့လည်း ရမှတ်(၆)မှတ်အထိ ကွာဟနေပါတယ်။ ဒါ့အပြင် ချန်ပီယံလိဂ်ဘက်မှာလည်း အဖွင့်ပွဲစဉ်မှာပင် နာပိုလီအသင်းကို ဂိုးပြတ်နဲ့ အရေးနိမ့်ထားခဲ့တဲ့ထိ အခြေအနေ ဆိုးရွှားနေရပါတယ်။ ဒါပေမယ့် လီဗာပူးလ် ကစားသမားဟောင်း ဒါကောက်ချ်ကတော့ နည်းပြကြီး ယာဂန်ကလော့ပ်က ဒီအခြေအနေကနေ လွတ်မြောက်လာအောင် စွမ်းဆောင်နိုင်လိမ့်မယ်လို့ ယုံကြည်နေတဲ့အပြင် အန်ဖီးလ်မှာ ကစားရမယ့် အိုင်းယတ်စ်နဲ့ ပွဲစဉ်မှာလည်း ရလဒ်ကောင်းတွေ ပြန်လည် ရယူနိုင်လိမ့်မယ်လို့ အခိုင်အမာ ပြောဆိုသွားခဲ့ပါတယ်။

Photo Credit : The Mirror

ဒါကောက်ချ်က “နည်းပြကလော့ပ်အနေနဲ့ လီဗာပူးလ်ကို လမ်းကြောင်းမှန်ပေါ် ပြန်လည် ရောက်ရှိစေလိမ့်မယ်ဆိုတာ ကျွန်တော် ယုံကြည်တယ်။ သူက ကွင်းလယ်နဲ့ တ်ိုက်စစ်မှာ မှန်ကန်တဲ့ အတွဲအဖက်ကို ရှာဖွေနေဆဲပါပဲ။ မာနေးက ဘိုင်ယန်ကို ထွက်ခွာသွားပြီး သူ့နေရာ ဒါဝင်နူနက်ဇ် ရောက်လာချိန်မှာ သူတို့နှစ်ယောက်က လုံးဝကို ကွဲပြားခြားနားတဲ့ ကစားသမားတွေဖြစ်လို့ ဒီဟာကွက်ကို ကျွန်တော် မအံ့သြမိဘူး။ ကလပ်အသင်းက အခုလိုမျိုး အဆင်မပြေမှုတွေ ကြုံတွေ့နေရချိန်မှာ အသင်းပရိသတ်တွေက ဒါကို ကျော်လွှားသွားနိုင်မယ့် တွန်းအားတစ်ရပ်ကို ဖန်တီးလာနိုင်တတ်တယ်။ အဲ့ဒီလို အခြေအနေမှာ အိုင်းယတ်စ်က လီဗာပူးလ်ကို ယှဉ်ကစားရင်း ရလဒ်ကောင်းဖို့ဆိုတာ မလွယ်ကူနိုင်ဘူး။ အန်ဖီးလ်မှာက ထိပ်တန်းကစားသမားတွေနဲ့ အတွေ့အကြုံကောင်းတွေ ရှိလှပါတဲ့ အသင်းကြီးတွေတောင် ရှုံးနိမ့်တတ်ကြသေးတာ။ လီဗာပူးလ်ကစားသမားတွေက ပရိသတ်တွေရဲ့ ဆူညံ့မှုတွေက ခွန်းအားဖြစ်စေလာမယ်။ အဲ့ဒီခွန်အား ထွက်ပေါ်လာပြီဆိုရင် တားမရဆီးမရအောင် ဖြစ်သွားလိမ့်မယ်” လို့ မှတ်ချက်ပြု ပြောဆိုသွားခဲ့ပါတယ်။ လီဗာပူးလ်အနေနဲ့ ချန်ပီယံလိဂ် အဖွင့်ပွဲစဉ်မှာပဲ နာပိုလီကို အရေးနိမ့်ခဲ့တာကြောင့် အုပ်စုကနေ နောက်တစ်ဆင့် တတ်နိုင်ရေး မျှော်လင့်ချက်အတွက် အိုင်းယတ်စ်ကို မဖြစ်မနေ အနိုင်ယူဖို့ လိုအပ်နေပါတယ်။