ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ လီဗာပူးက သူတို့အသင်းရဲ့ အားနည်းနေတဲ့ ကွင်းလယ်ပိုင်း အတွက် လာမယ့် နွေဈေးကွက် အတွင်းမှာ ဝုဗ်ကွင်းလယ်လူ နူနက်စ်ကို ခေါ်ယူဖို့ စီစဉ်ထားကြောင်း နာမည်ကြီး သတင်းထောက် ဖာဘရီဇီယို ရိုမာနိုက အခိုင်အမာ ဖော်ပြသွားခဲ့ပါတယ်။

လီဗာပူးက ကွင်းလယ်ပိုင်းမှာ ဟန်ဒါဆန် ၊ သီယာဂို ၊ ဖာဘင်ဟို ၊ မီလ်နာ ၊ အဲလိယက် ၊ ကာတစ်ဂျုံးစ် ၊ ချိန်ဘာလိန် ၊ နာဘီကီတာ ၊ ကာဗယ်လ်ဟို ၊ မယ်လို စတဲ့ ကွင်းလယ်လူတွေကို ပိုင်ဆိုင်ထားပေမယ့် သီယာဂို တဦးထဲကသာ ကမ္ဘာ့အဆင့် ခြေစွမ်းကို ပိုင်ဆိုင်ထားပြီး ဟန်ဒါဆန် ၊ ဖာဘင်ဟိုနဲ့ မီလ်နာတို့က အသက်အရွယ်ကြောင့် အကျပိုင်းကို ရောက်လာသလို အဲလိယက် ၊ ကာတစ်ဂျုံးစ် ၊ ကာဗယ်လ်ဟို စတဲ့ လူငယ်ကြယ်ပွင့်တွေက ပွဲထွက်ခွင့် ရဖို့ လုံလောက်တဲ့ ခြေစွမ်းတွေ မရှိသေးပဲ ချိန်ဘာလိန် ၊ နာဘီကီတာနဲ့ မယ်လိုတို့က ဒဏ်ရာလူသားတွေ ဖြစ်နေကြပါတယ်။

Photo Credit: Sky Sports

အသင်းရဲ့ ကွင်းလယ်ပိုင်းမှာ အားနည်းချက် တပုံတပင် ရှိနေတာကြောင့်ပဲ လီဗာပူးက ယခုနှစ် ဘောလုံးရာသီမှာ ရလဒ်ကောင်းတွေ ရယူနိုင်ဖို့ ရုန်းကန်နေရပြီး နောက်ဆုံး ကစားခဲ့တဲ့ ပြိုင်ပွဲစုံ ၃ပွဲဆက် နိုင်ပွဲ ပျောက်ဆုံးထားသလို အမှတ်ပေးပြိုင်ပွဲမှာလည်း အဆင့်၉အထိ ရောက်နေပါတယ်။

ဒါကြောင့်လည်း လီဗာပူးရဲ့ တာဝန်ရှိသူတွေနဲ့ နည်းပြချုပ် ကလော့ပ်က လာမယ့် နွေဈေးကွက်မှာ အသင်းရဲ့ ကစားသမား အင်အားကို ကြီးမားတဲ့ ပြုပြင် ပြောင်းလဲမှုတွေ လုပ်ဆောင်ဖို့ ဆုံးဖြတ်ထားကြပြီး ကလော့ပ်ရဲ့ အဓိက ဦးတည်ချက်က ကွင်းလယ်ပိုင်းကို အင်အားဖြည့်တင်းဖို့ပဲ ဖြစ်ပါတယ်။

Photo Credit: Sky Sports

နာမည်ကြီး သတင်းထောက် ဖာဘရီဇီယို ရိုမာနိုရဲ့ ဖော်ပြချက်အရ လီဗာပူးက သူတို့ရဲ့ ကွင်းလယ်ပိုင်း အတွက် ဝုဗ်ကြယ်ပွင့် မားသီးယပ်စ် နူနက်စ်ကို လာမယ့် နွေဈေးကွက်မှာ ခေါ်ယူဖို့ စိတ်ဝင်စားနေပြီး လီဗာပူးဟာ နူနက်စ်အတွက် ဆွေးနွေးမှု တချို့ပါ စတင် ပြုလုပ်နေကြောင်း သိရပါတယ်။

အသက် ၂၄နှစ် အရွယ် ပေါ်တူဂီ လက်ရွေးစင် ကွင်းလယ်လူ နူနက်စ်က ပြီးခဲ့တဲ့ နွေဈေးကွက်မှာမှ စပို့တင်း လစ္စဘွန်း ကနေ ဝုဗ်ထံ ပြောင်းရွှေ့ကြေး ယူရို ၄၅သန်းနဲ့ ပြောင်းရွှေ့လာခဲ့သူ ဖြစ်ပြီး သူဟာ ဝုဗ်နဲ့ ကာလရှည် စာချုပ်တရပ် ကျန်ရှိနေသေးတာကြောင့် လီဗာပူးက နူနက်စ်ကို ခေါ်ယူချင်ရင် အနိမ့်ဆုံး ပြောင်းရွှေ့ကြေး ယူရို ၅၅သန်း ဝန်းကျင် ပေးချေရဖွယ် ရှိကြောင်း အပြောင်းအရွှေ့ ကျွမ်းကျင်သူတွေက သုံးသပ်ထားကြပါတယ်။