ပီအက်စ်ဂျီအသင်းရဲ့ ပြင်သစ်တိုက်စစ်ကစားသမားလေး ကီလီယန်အမ်ဘာပေက လာမယ့်ရာသီမှာ အသင်းကနေ ထွက်ခွာဖွယ်ရှိတယ်လို့ ထုတ်ဖော်ပြောဆိုလာခဲ့ပြီးနောက်မှာ ရီးရဲလ်မက်ဒရစ်အသင်းအပြင် သူ့ကို ခေါ်ယူသွားချင်နေတဲ့ လီဗာပူးလ်အသင်းနဲ့ပါ အပြောင်းအရွှေ့သတင်းတွေ ထွက်ပေါ်လာခဲ့ပြီး ရီးရဲလ်မက်ဒရစ်နဲ့ ဆီဗီလာအသင်းတို့ရဲ့ စပိန်ဂိုးသမားဟောင်းဖြစ်သူ ပါကိုဘူယိုက ဘာပေအနေနဲ့ လီဗာပူးလ်ထက် သူရဲ့အသင်းဟောင်းရီးရဲလ်ကိုပဲ ရောက်ရှိလာလိမ့်မယ်လို့ ပြောဆိုသွားခဲ့ပါတယ်။

Photo Credit : talkSPORT

အသက်(၂၀)အရွှယ်သာရှိနေသေးတဲ့ ပြင်သစ်လက်ရွေးစင် တိုက်စစ်ကစားသမားဘာပေဟာ ပီအက်စ်ဂျီအသင်းရဲ့ အဓိက ကစားသမားတစ်ယောက်ဖြစ်ပေမယ့် လာမယ့်ရာသီမှာတော့ အသင်းကနေ ထွက်ခွာသွားဖို့ ဆန္ဒပြင်းပြလို့နေပြီး နောက်ထပ်ဥရောပအင်အားကြီး ကလပ်အသင်းတစ်သင်းဆီကို ပြောင်းရွှေ့ကစားချင်နေပါတယ်။ ဒီလို အနာဂတ်တွေလှုပ်ခတ်လို့နေတဲ့ ဘာပေနဲ့ပတ်သက်ပြီး စပိန်အသင်းနဲ့အတူ ကမ္ဘာ့ဖလားချန်ပီယံ ဖြစ်ခဲ့ဖူးတဲ့ ဂိုးသမားဟောင်းကြီးဘူယိုက “ကြည့်ရတာကတော့ ဘာပေကို လီဗာပူးလ်အသင်းကနေပါ ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်ထင်တယ်”

Photo Credit : AS English

“ဒါပေမယ့် ဘာပေကိုယ်တိုင်က ရီးရဲလ်မက်ဒရစ်အသင်းဆီမှာပဲ လာရောက်ကစားဖို့ အစောကတည်းက ဆုံးဖြတ်ချက်ချပြီးသား ဖြစ်နေမယ်လို့ ငါယုံကြည်တယ်။ လာမယ့်နွေစျေးကွက်မှာ ဖြစ်လာနိုင်မလားဆိုတာကတော့ စောင့်ကြည့်ရဦးမှာပေါ့။ သူရဲ့စာချုပ်ကို ရပ်တန့်ပစ်လိုက်နိုင်မယ်ဆိုရင် ဖြစ်လာနိုင်တာပဲလေ။ သူအနေနဲ့ ပီအက်စ်ဂျီအသင်းဘက်နေ ပေးလာနိုင်တဲ့ ဖိအားဒဏ်တွေကို ကောင်းကောင်းကိုင်တွယ်နိုင်မလား ဒါမှမဟုတ် ဘယ်လိုမှ မငြင်းပယ်နိုင်လောက်တဲ့ ပမာဏမျိုးနဲ့ ကမ်းလှမ်းလာမှာကို သူလက်ခံသွားနိုင်မလားဆိုတာတော့ ကျွန်တော်လည်းမသိဘူး” လို့ ရှင်းလင်းပြောဆိုလာခဲ့ပါတယ်။ ဘာပေနဲ့ ပီအက်စ်ဂျီအသင်းတို့ရဲ့ကြား ချုပ်ဆိုထားတဲ့ စာချုပ်သက်တမ်းအရ လာမယ့်၂၀၂၂ခုနှစ်မှာ ကုန်ဆုံးတော့မှာဖြစ်လို့ ပီအက်စ်ဂျီဘက်ကနေ သက်တမ်းတိုးဖို့ ကြိုးပမ်းလာခဲ့ပေမယ့် ဘာပေကတော့ အသင်းမှာ ဆက်လက်ရှိနေဖို့ထက် တခြားကလပ်အသင်းတစ်သင်းဆီကိုသာ ပြောင်းရွှေ့ကစားချင်နေပါတယ်။  ဘာပေကို ရီးရဲလ်မက်ဒရစ်အသင်းကနေ အဓိကစိတ်ဝင်စားလို့နေတာဖြစ်ပြီး ဒီနှစ်စျေးကွက်အတွင်းမှာပင် ခေါ်ယူချင်နေပေမယ့် အသင်းရဲ့ ကွင်းတည်ဆောက်မှု ကုန်ကျစရိတ်တွေကြောင့် ခေါ်ယူဖို့က မဖြစ်နိုင်သေးတဲ့အတွက် လာမယ့်နွေစျေးကွက်မှသာ ကမ်းလှမ်းဖွယ်ရှိနေကာ ဘာပေနဲ့အတူ ဒေါ့မွန်ကြယ်ပွင့် အာလင်းဟာလန်းကိုပါ တစ်ပါတည်းခေါ်ယူသွားဖွယ် ရှိနေပါတယ်။