လီဗာပူးလ်အသင်းကနေ အသင်းကနေ ထွက်ခွာသွားတော့မယ့် ဝါရင့်ခရိုအေးရှားနောက်ခံလူ ဒီဂျန်လိုဗရန်ရဲ့နေရာမှာ အစားထိုးသွားနိုင်ဖို့အတွက် ခံစစ်ကစားသမားတစ်ယောက်ကို လိုက်လံရှာဖွေလျက်ရှိနေရာ သူတို့ရဲ့ပစ်မှတ်ဟောင်းဖြစ်ခဲ့ဖူးတဲ့ ရှော်ကေးအသင်းရဲ့ တူရကီနောက်ခံလူလေး အိုဇန်ကာဘက်ချ်ကို ပြန်လည်စိတ်ဝင်စားလာခဲ့ပြီး ယာဂင်ကလော့ကိုယ်တိုင်ကပါ ဒီကစားသမားလေးရဲ့စွမ်းဆောင်ရည်ပိုင်းကို နှစ်သက်နေတာဖြစ်လို့ အပြောင်းအရွှေ့အတွက် ဆွေးနွေးမှုတွေ စတင်လုပ်ဆောင်နေကြပြီဖြစ်ပါတယ်။

Photo Credit : TEAMtalk

အသက်(၂၀)အရွှယ်သာရှိသေးတဲ့ တူရကီဗဟိုနောက်ခံကစားသမားလေး အိုဇန်ကာဘက်ချ်ဟာ မနှစ်ကတည်းက လီဗာပူးလ်အသင်းရဲ့ရေဒါထဲကို ဝင်ရောက်လာခဲ့တဲ့ ကစားသမားလေးတစ်ယောက်ဖြစ်ပြီး လက်ရှိမှာလည်း သူ့ကို လီဗာပူးလ်ရဲ့ပရီးမီးယားလိဂ်ပြိုင်ဘက်အသင်းတွေဖြစ်တဲ့ မန်စီးတီး ချယ်လ်ဆီး မန်ချက်စတာယူနိုက်တက်အသင်းတို့အပြင် ဂျုဗင်တပ်စ်နဲ့ ဒေါ့မွန်အသင်းတို့ကပါ စိတ်ဝင်စားနေလျက်ရှိပါတယ်။ ဒါပေမယ့် ဒီအသင်းတွေအားလုံးထက် လက်ဦးမှုရယူနိုင်ဖို့ လီဗာပူးလ်ဘက်ကနေ ကြိုးပမ်းလာခဲ့ပြီး ဆွေးနွေးမှုတွေလည်း ပြုလုပ်နေပြီလို့ ဂျာမန်နာမည်ကြီးသတင်းစာ Blid ကနေ ဖော်ပြလာခဲ့ပါတယ်။

Photo Credit : Transfermarket

အိုဇန်ကာဘက်ချ်က ရှော်ကေးအသင်းနဲ့ ၂၀၂၄ခုနှစ်အထိ စာချုပ်သက်တမ်း ကျန်ရှိထားတဲ့ ကစားသမားဖြစ်လို့ ပြောင်းရွှေ့ကြေးပိုင်းမှာ အနည်းငယ်မြင့်မားဖွယ်ရှိနေပေမယ့် ရှော်ကေးအသင်းရဲ့နည်းပြဖြစ်သူ ဒေးဗစ်ဝက်ဂ်နာနဲ့ လီဗာပူးလ်အသင်းနည်းပြ ယာဂင်ကလော့တို့က အရင်းနှီးဆုံး မိတ်ဆွေတွေဖြစ်ကြသလို ဝက်ဂ်နာက ဒေါ့မွန်အသင်းမှာလည်း ကလော့နဲ့ လက်တွဲဖူးခဲ့တာဖြစ်လို့ သူ့အသင်းက ကစားသမားကို တခြားအသင်းတွေထက် လီဗာပူးလ်ဆီကိုပဲ ရောင်းချဖွယ်ရှိနေပါတယ်။ နောက်ပြီး ကစားသမားကိုယ်တိုင်ကလည်း လီဗာပူးလ်အသင်းရဲ့နယ်သာလန်နောက်ခံကစား ဗာဂျယ်ဗန်ဒိုက်ကို သူရဲ့Idol အဖြစ်နဲ့ ခံယူထားတာဖြစ်လို့ သူရဲ့Idol နဲ့ အသင်းတစ်သင်းတည်းမှာ အတူကစားခွင့်ရမယ့် အခွင့်အရေးကောင်းကို လက်ခံသွားဖွယ် ရှိနေပါတယ်။ တူရကီနာမည်ကြီး ဘောလုံးအသင်းဖြစ်တဲ့ ဂါလာတာစာရေး လူငယ်အကယ်ဒမီကနေ ပေါ်ထွက်လာခဲ့သူ အိုဇန်ကာဘက်ချ်ဟာ ၂၀၁၉ခုနှစ်ကမှ ဂါလာတာစာရေးအသင်းကနေ စတုဂတ်အသင်းဆီကို ရောက်ရှိလာခဲ့တာဖြစ်ပြီး စတုဂတ်အသင်း တန်းဆင်းသွားချိန်မှာ သူ့ကို ကလပ်အသင်းပေါင်းများစွာက ခေါ်ယူဖို့ ကြိုးစားခဲ့ပေမယ့် ရှော်ကေးက လက်ဦးမှုရယူနိုင်ခဲ့တာဖြစ်ပါတယ်။