လီဗာပူးလ်အသင်းဟာ လာမယ့် ဆောင်းရာသီ အပြောင်းအရွှေ့ဈေးကွက်ဖွင့်ချိန်မှာပဲ အသင်းရဲ့ ကွင်းလယ်ပိုင်းကို အင်အား ဖြည့်တင်းဖို့အတွက် လက်စတာအသင်းရဲ့ ကွင်းလယ်ကစားသမား တီလေမန်းစ်ကို အာဆင်နယ်အသင်းနဲ့အပြိုင် ခေါ်ယူသွားဖွယ် ရှိနိုင်တယ်လို့ အင်္ဂလန်မီဒီယာတွေကနေ ဖော်ပြလာခဲ့ပါတယ်။

Photo Credit : Foxes of Leicester

လီဗာပူးလ်က လက်ရှိအချိန်မှာ အကောင်းဆုံးပုံစံ ပြသနိုင်ဖို့ ရုန်းကန်နေရပြီး နွေဈေးကွက် နောက်ဆုံးရက်က ဂျုဗင်တပ်စ်ကနေ အငှားနဲ့ အလျင်အမြန် ခေါ်ယူထားခဲ့ရတဲ့ ကွင်းလယ်လူ အာသာမယ်လိုမှာလည်း အခုထိ အသင်းအတွက် (၁၄)မိနစ်လေးသာ ကစားထားခဲ့ရပါတယ်။ လီဗာပူးလ်ကွင်းလယ်မှာ ကစားသမားတွေ အများအပြား ရှိနေပေမယ့် ကွင်းလယ်ပိုင်းကို ပိုမို အင်အားတောင့်တင်းလာစေဖို့အတွက် ပရီးမီးယားလိဂ် အတွေ့အကြုံကောင်းတွေလည်း ကြွယ်ဝပြီး အရည်အသွေးလည်းရှိတဲ့ CM ကစားသမား တီလေမန်းစ်ကို မျက်စိကျလာခဲ့ပါတယ်။

Photo Credit : TEAMtalk

အသက်(၂၅)နှစ်အရွယ်ရှိ ဘယ်လ်ဂျီယံ လက်ရွေးစင် ကွင်းလယ်ကစားသမား တီလေမန်းစ်ဟာ လက်စတာအသင်းရဲ့ အဓိက ကစားသမားတစ်ဦးဖြစ်ပေမယ့် လက်ရှိမှာ လက်စတာအသင်းနဲ့ စာချုပ်သက်တမ်းက လပိုင်းလောက်သာ ကျန်ရှိနေတော့ပြီး တီလေမန်းစ် ကိုယ်တိုင်ကပါ လက်စတာနဲ့ သက်တမ်းတိုးတော့မှာ မဟုတ်တော့တဲ့အတွက် လက်စတာအနေနဲ့ တီလေမန်းစ်ကို လာမယ့် ဆောင်းဈေးကွက်ထဲမှာပဲ ရောင်းချဖို့ လိုအပ်နေပါတယ်။ လက်စတာက ဇန်နဝါရီလထဲမှာ တီလေမန်းစ်ကို ကလပ်အသင်း တစ်သင်းသင်းဆီ ရောင်းချနိုင်မယ်ဆိုရင် cut-price တန်ကြေးနဲ့ ပြောင်းရွှေ့ကြေး တစ်စုံတစ်ရာ ရရှိနိုင်မှာ ဖြစ်ပေမယ့် စာချုပ်သက်တမ်း ကုန်ဆုံးချိန်ထိ အသင်းမှာပဲ ဆက်ထားရှိမယ်ဆိုရင်တော့ လာမယ့်နွေမှာ free transfer နဲ့ လက်လွတ်ရမှာ ဖြစ်ပါတယ်။ ဒီလို အခြေအနေမျိုး ရှိနေတဲ့ ဘယ်လ်ဂျီယံ ကွင်းလယ်လူက အာဆင်နယ်အသင်းက စိတ်အဝင်စားဆုံး ဖြစ်နေပေမယ့် ကွင်းလယ်ပိုင်း အားဖြည့်ဖို့ လိုအပ်နေသေးတဲ့ လီဗာပူးလ်ကပါ တီလေမန်းစ် အခြေအနေကို စောင့်ကြည့်လျက် ရှိနေပြီး ရီးယဲလ်မက်ဒရစ်နဲ့ ဂျုဗင်တပ်စ်အသင်းတွေကလည်း တီလေမန်းစ်ကို လာမယ့် နွေမှာ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူနိုင်ဖို့အတွက် လာမယ့် ဇန်နဝါရီလထဲမှာပဲ ကစားသမားအေးဂျင့်နဲ့ ချိတ်ဆက်သွားဖွယ်လည်း ရှိနေပါတယ်။