လီဗာပူးလ်အသင်းဟာ ရီးယဲလ် ဆိုစီဒက်အသင်းရဲ့ ဂျပန် ကြယ်ပွင့် ကစားသမားလေး တာကီဖူဆာ ကူဘိုကို ခေါ်ယူသွားဖို့ စိတ်ဝင်စားမှုတွေ ရှိနေပြီး ကူဘိုရဲ့ အေးဂျင့်ဖြစ်သူနဲ့ပါ ဆက်သွယ်မှုတွေ လုပ်ဆောင်ထားတယ်လို့ သတင်းထွက်ပေါ်လာခဲ့ပါတယ်။

လီဗာပူးလ်အသင်းက တိုက်စစ်ပိုင်းမှာ ဆာလာ နူးညက်ဇ် ဂျိုတာ ဒီးယက်ဇ် ဂက်ပိုတို့လို ကစားသမားကောင်းတွေ ပိုင်ဆိုင်ထားပေမယ့် ဆာလာရဲ့ အနာဂတ်က မသေချာ မရေရာတော့တဲ့ အနေအထားမှာ ရှိနေတဲ့အတွက် သူ့နေရာမှာ အစားထိုးဖို့ ကစားသမားကောင်းတွေ ပစ်မှတ်ထားလာရပါတော့တယ်။

Photo Credit : Managing Madrid

အီဂျစ် တိုက်စစ်ကစားသမား ဆာလာက ဆော်ဒီကလပ် အယ်လ်အစ်တီဟတ်ရဲ့ အဓိကပစ်မှတ် ဖြစ်နေပြီး တကယ်လို့ သူ့အနေနဲ့ နွေမှာ ဆော်ဒီကို မပြောင်းဖြစ်ရင်တောင် သူ့အသက်အရွယ်ကြောင့် right-winger တစ်ဦးကို မဖြစ်မနေ ခေါ်ယူထားဖို့ လိုအပ်လာခဲ့ပါတယ်။

ဒါကြောင့်လည်း လီဗာပူးလ်အနေနဲ့ ဆိုစီဒက်အသင်းရဲ့ ဂျပန် တောင်ပံကစားသမားလေး ကူဘိုကို ချိန်ရွယ်လာခဲ့တာဖြစ်ပြီး အသက် (၂၂)နှစ်အရွယ်သာ ရှိနေသေးတဲ့ ကူဘိုက ဘယ်ညာ တောင်ပံနှစ်ဖက်လုံးအပြင် ကွင်းလယ်တိုက်စစ် နေရာမှာပါ ကစားတတ်သူလည်း ဖြစ်ပါတယ်။

Photo Credit : Marca

ဘာစီလိုနာ အကယ်ဒမီထွက် ရီးယဲလ်မက်ဒရစ် ကစားသမားဟောင်း ကူဘိုဟာ ဆိုစီဒက်ရဲ့ အမာခံ ကစားသမားတစ်ဦးဖြစ်ပြီး ဒီရာသီမှာလည်း အသင်းအတွက် (၆)ဂိုးသွင်း (၄)ဂိုးဖန်တီးပေးထားနိုင်ခဲ့ပါတယ်။ ဒီကစားသမားလေးကို မကြာသေးခင်က ဆော်ဒီ ထိပ်သီးကလပ် အယ်လ်နာဆာအသင်းက တစ်နှစ်လုပ်ခ ယူရို သန်း(၂၀)နဲ့ ကမ်းလှမ်းထားပေမယ့် ကူဘိုကတော့ ဒီကမ်းလှမ်းမှုကို ပယ်ချခဲ့ပါတယ်။

အခုလည်း ကူဘိုကို လီဗာပူးလ်အသင်းကပါ ဆက်သွယ်မှုတွေ လုပ်ဆောင်လာခဲ့ပေမယ့် လက်ရှိ ဆောင်းဈေးကွက်မှာတော့ ကူဘိုကို ခေါ်ယူနိုင်ဖို့ မဖြစ်နိုင်ပဲ နွေဈေးကွက်မှသာ ကမ်းလှမ်းမှုတွေ လုပ်ဆောင်ရဖွယ် ရှိနိုင်ပါတယ်။ ဆိုစီဒက်ဘက်ကတော့ သူတို့ ကစားသမားအတွက် ပြောင်းရွှေ့ကြေး ယူရို သန်း(၆၀)အထိ သတ်မှတ်လို့ထားပါတယ်။