MySport Myanmar

ချယ်လ်ဆီး ကွင်းလယ်လူ ဂယ်လက်ဂါကို ပစ်မှတ်ထားလာခဲ့တဲ့ လီဗာပူးလ်

လီဗာပူးလ်အသင်းဟာ လာမယ့် ဆောင်းဈေးကွက်အတွင်း ကွင်းလယ်ပိုင်းအတွက် ကစားသမားသစ် ဖြည့်တင်းသွားဖို့ ရှိနေရာ ချယ်လ်ဆီးအသင်းရဲ့ အင်္ဂလန် ကွင်းလယ်ကစားသမား ကော်နာ ဂယ်လက်ဂါကိုပါ အံ့အားသင့်စဖွယ် စိတ်ဝင်စားနေတယ်လို့ Daily Mail ကနေ ဖော်ပြလာခဲ့ပါတယ်။

လီဗာပူးလ်က ဒီနွေမှာ အသင်းရဲ့ ဝါရင့် ကွင်းလယ်လူတွေဖြစ်တဲ့ အသင်းခေါင်းဆောင် ဟန်ဒါဆန် ကီတာ နဲ့ ဖာဘင်ဟိုတို့ကို အသင်းကနေ ရောင်းထုတ်ပြီး ဘရိုက်တန်က မက်အယ်လစ္စတာ ၊ လိုက်ပ်ဇစ်က ဆိုဘော့ဆလိုင်း ၊ ဘိုင်ယန်က ဂရာဗန်ဘာ့ချ် နဲ့ စတုဂတ်က အန်ဒိုတို့ကို ပြန်လည် အစားထိုး ခေါ်ယူခဲ့ပါတယ်။

Photo Credit : Chelsea Football Club

ဒါပေမယ့် လီဗာပူးလ်က အသင်း ကွင်းလယ်ပိုင်းအတွက် ကစားသမားတစ်ဦးခန့်လောက် ထပ်မံ ခေါ်ယူသွားချင်နေပြီး ဒဏ်ရာ မကြာခဏ ရရှိနေတက်တဲ့ သီယာဂို အယ်လ်ကန်တာရာကိုလည်း အသင်းကနေ လက်လွတ်လိုက်ဖွယ် ရှိနေပါတယ်။

လက်ရှိမှာတော့ လီဗာပူးလ်က ပရီးမီးယားလိဂ် ပြိုင်ဘက်ကလပ် ချယ်လ်ဆီးအသင်းရဲ့ အကယ်ဒမီထွက် ကွင်းလယ်လူ ဂယ်လက်ဂါကို ပစ်မှတ်ထားလာခဲ့ပါတယ်။ အသက် (၂၃)နှစ်အရွယ် အင်္ဂလန် ကွင်းလယ်လူ ဂယ်လက်ဂါက ဒီရာသီထဲ ချယ်လ်ဆီးအသင်းအတွက် ပြိုင်ပွဲစုံ (၁၈)ပွဲအထိတောင် ကစားထားခဲ့ရပါတယ်။

Photo Credit : The Sun

ချယ်လ်ဆီးက ဒီရာသီထဲ ကိုင်စီဒို လာဗီယာတိုု့ကို ခေါ်ယူထားပြီး မနှစ်ကလည်း အန်ဇို ဖာနန်ဒက်ဇ်ကို ခေါ်ယူထားပေမယ့် လာဗီယာရဲ့ဒဏ်ရာ အခြေအနေကြောင့် ဂယ်လက်ဂါက ချယ်လ်ဆီး ကွင်းလယ်မှာ ပွဲကစားခွင့် အမြောက်အများ ရလာခဲ့တာပဲ ဖြစ်ပါတယ်။

ဒါပေမယ့် ချယ်လ်ဆီးက လာမယ့်ဆောင်းမှာ ကစားသမား ဖြည့်တင်းမှုတွေ မဖြစ်မနေ လုပ်ဆောင်ရဖို့ ရှိနေပြီး ဒီလို လုပ်ဆောင်ဖို့ ဆိုရင်လည်း ဘဏ္ဍာရေး စည်းမျဉ်းတွေနဲ့ ကင်းလွတ်ဖို့အတွက် အသင်းက ကစားသမားတချို့ကိုပါ ရောင်းထုတ်သွားရဖွယ် ရှိနိုင်လို့ ဂယ်လက်ဂါ အပါအဝင် ကစားသမား အနည်းငယ်ကို ရှင်းထုတ်သွားရနိုင်ပါတယ်။

Exit mobile version