ကစားသမားကောင်းတွေ မွေးထုတ်ပေးလျက်ရှိနေတဲ့ သြစတြီးယား ဘောလုံးကလပ်အသင်းကြီး ရက်ဘူးဆာလ်ဇ်ဘာ့ဂ်ကို ဘောလုံးပရိသတ်တွေတိုင်း သတိထားမိလိုက်ပြီလို့ ထင်ပါတယ်။ နောက်ပိုင်း နှစ်တွေအတွင်း ဥရောပပြိုင်ပွဲတွေမှာ အမြဲမြင်တွေ့လာရသလို ဟာလန်း မာနေး မီနာမီနို ဟွမ်ဟီချန်းတို့လို ထိပ်တန်းကစားသမားတွေရဲ့ ကလပ်အသင်းဟောင်းလည်း ဖြစ်နေတဲ့အတွက် ဒီအသင်းရဲ့ ကစားသမားတွေကိုပါ ဘောလုံးပရိသတ်တွေက စိတ်ဝင်စားလာကြပါတယ််။ အခုတော့ ဒီအသင်းရဲ့ လူငယ်ကစားသမားလေး ကာရန်အဒီယာမီဟာလည်း ဘောလုံးပရိသတ်တွေကို ဘောလုံးအသင်းတွေကိုပါ ဆွဲဆောင်လာခဲ့ပြန်ပါပြီ။

Photo Credit : This is Anfield

အသက်(၁၉)နှစ်အရွှယ်သာ ရှိနေသေးတဲ့ ဆယ်ကျော်သက် တိုက်စစ်မှူးလေး အဒီယာမီဟာ လက်ရှိမှာတော့ ရက်ဘူးဆာလ်ဇ်ဘာ့ဂ်အသင်းမှာ ပါဝင်ကစားနေသူဖြစ်ပြီး ဘိုင်ယန်မြူးနစ် လူငယ်အသင်းကနေ ပေါ်ထွက်လာခဲ့သူလည်း ဖြစ်ပါတယ်။ အဒီယာမီဟာ ဆာလ်ဇ်ဘာ့ဂ်အသင်းကို မပြောင်းရွှေ့ခင် သြစတြီးယား စတုတ္ထတန်းကလပ် SpVgg Unterhaching အသင်းမှာ ပါဝင်နေစဉ်ကတည်းက ချယ်လ်ဆီးအသင်း အပါအဝင် ကလပ်အသင်းများစွာကနေ ကင်းထောက်တွေနဲ့ ကစားသမားရဲ့ ခြေစွမ်းပိုင်းကို လာရောက်လေ့လာမှုတွေ ရှိခဲ့တယ်လို့ SpVgg Unterhaching အသင်းရဲ့ ဥက္ကဌဖြစ်သူက ပြောဆိုသွားခဲ့ပါတယ်။ အခုလည်း ဒီကစားသမားလေးကို ပရီးမီးယားလိဂ် ထိပ်သီးကလပ် လီဗာပူးလ်အသင်းကနေပါ စိတ်ဝင်စားလာခဲ့ပါတယ်။

Photo Credit : Planet Football

ဥရောပ ချန်ပီယံလိဂ်ပြိ်ုင်ပွဲအတွင်း ဆာလ်ဇ်ဘာ့ဂ်အသင်းနဲ့ ပါဝင်ကစားရင်း လိုင်လီအသင်းကို အနိုင်ရခဲ့တဲ့ ပွဲစဉ်အတွင်းမှာ အသင်းအတွက် သွင်းဂိုး(၂)ဂိုးလုံးကို သွင်းယူနိုင်ခဲ့တဲ့ အဒီယာမီကို သူရဲ့အသင်းဟောင်းဖြစ်တဲ့ ဘိုင်ယန်မြူးနစ် ဒေါ့မွန် လိုက်ပ်ဇစ်တို့လို ဘွန်ဒစ်လီဂါ ထိပ်တန်းကလပ်အသင်းတွေအပြင် လီဗာပူးလ်အသင်းကလည်း ပစ်မှတ်ထားလာခဲ့တယ်လို့ Sky Germany ကနေ ဖော်ပြလာခဲ့ပါတယ်။ အဒီယာမီဟာ လက်ရှိမှာ ၂၀၂၂ခုနှစ် ကမ္ဘာ့ဖလားခြေစစ်ပွဲအတွက် ဂျာမနီလက်ရွေးစင်အသင်းမှာ ရွေးချယ်ထားခံရပြီး အာမီနီးယားအသင်းနဲ့ ယှဉ်ပြိုင်ခဲ့ရတဲ့ သူရဲ့လက်ရွေးစင် ကစားသမားဘဝ ပထမဆုံးပွဲမှာ ပွဲဦးထွက်သွင်းဂိုးကိုပါ သွင်းယူထားနိုင်ခဲ့ပါတယ်။ ဆယ်ကျော်သက် ကစားသမားလေး အဒီယာမီဟာ ဆာလ်ဇ်ဘာ့ဂ်အသင်းဆီကို ၂၀၁၈ခုနှစ်မှာ ရောက်ရှိလာခဲ့တာဖြစ်ပြီး အသင်းအတွက် ပွဲပေါင်း(၄၅)ပွဲ ကစားပေးထားခဲ့ကာ သွင်းဂိုး(၁၄)ဂိုးအထိ သွင်းယူထားနိုင်ခဲ့ပြီး ဒီနှစ်ဘောလုံးရာသီမှာလည်း သြစတြီးယား အမှတ်ပေးလိဂ်အတွင်း (၁၀)ပွဲမှာ (၈)ဂိုးအထိကို သွင်းယူထားနိုင်ပါတယ်။ ဒီလို အရမ်းတောက်ပလာခဲ့တဲ့ ကြယ်ပွင့်လေး အဒီယာမီအနေနဲ့ သူရဲ့အမိမြေကိုပဲ ပြန်သွားမလား ဆာလ်ဇ်ဘာ့ဂ် ကစားသမားဟောင်း မာနေးရှိရာ လီဗာပူးလ်ကိုသာ ပြောင်းရွှေ့မလားဆိုတာ စောင့်ကြည့်ရပါမယ်။