ပရီးမီးယားလိဂ် အင်အားကြီးကလပ် လီဗာပူးက လီဂူးဝမ်း နာမည်ကြီးကလပ် လိုင်လီရဲ့ ဗဟိုနောက်ခံလူ ယိုရိုကို ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ အသင်းတွေထဲမှာ ပါဝင်လာကြောင်း ပြင်သစ်အခြေစိုက် သတင်းဌာနတွေနဲ့ ယုံကြည်ရတဲ့ သတင်းရင်းမြစ်တွေက တညီတညွတ်ထဲ ဖော်ပြလာကြပါတယ်။

လီဗာပူးက ခံစစ်ကြောင်းမှာ ဗန်ဒိုက် ၊ ကိုနာတေး ၊ ဂိုမက်ဇ် ၊ ကွမ်ဆက်ရှ် စတဲ့ အရည်အသွေးမြင့် ဗဟိုခံစစ်မှူးတွေကို ပိုင်ဆိုင်ထားပေမယ့် ဝါရင့် ဗဟိုနောက်ခံလူ မာတစ်ပ်ကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာခွင့် ပြုထားတာကြောင့် မာတစ်ပ်ရဲ့ နေရာကို အစားဝင်နိုင်မယ့် ဗဟိုနောက်ခံလူ တဦးကို လာမယ့် နွေဈေးကွက်မှာ ခေါ်ယူဖို့ စဉ်းစားထားပါတယ်။

Photo Credit: Football Transfer

တဖက်မှာ အသက် ၁၈နှစ် အရွယ်သာ ရှိသေးတဲ့ ပြင်သစ်လက်ရွေးစင် လူငယ်ခံစစ်မှူး ယိုရိုက ဆယ်ကျော်သက် အရွယ်ပဲ ရှိသေးပေမယ့် လီဂူးဝမ်းပြိုင်ပွဲရဲ့ အကောင်းဆုံး ဗဟိုခံစစ်မှူး ၅ဦး စာရင်းထဲမှာ ပါဝင်သူ ဖြစ်ပြီး သူက ရီးရဲလ်မက်ဒရစ်နဲ့ မန်ချက်စတာ ယူနိုက်တက်တို့ရဲ့ ခံစစ်မှူးဟောင်း ဗာရန်းနဲ့ နှိုင်းယှဉ်ခံနေရသူလည်း ဖြစ်ပါတယ်။

ယိုရိုက လိုင်လီရဲ့ အကယ်ဒမီကနေ ထွက်ပေါ်လာတဲ့ အရည်အသွေးမြင့် ဗဟိုခံစစ်မှူး တဦး ဖြစ်ကာ သူက အရပ်အမောင်း မြင့်မားတာကြောင့် အမြင့်ဘောတွေကို ပိုင်ပိုင်နိုင်နိုင် ထိန်းချုပ်နိုင်သလို ပြိုင်ဘက် တိုက်စစ်မှူးတွေကို လူကပ်ကစားရာမှာ ထူးချွန်ပြီး သူ့ရဲ့ ခြေစွမ်းကောင်းနဲ့ အလားအလာကြောင့်ပဲ ဥရောပရဲ့ ထိပ်သီးအသင်းတွေက သူ့ကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြပါတယ်။

Photo Credit: Football 365

နာမည်ကြီး သတင်းထောက် တဦး ဖြစ်သူ ဖာဘရီဇီယို ရိုမာနိုရဲ့ ဖော်ပြချက်အရ လီဗာပူးက ယိုရိုကို ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ အသင်းတွေထဲ ပါဝင်လာပြီး လီဗာပူးဟာ ယိုရိုရဲ့ အပြောင်းအရွှေ့ အတွက် ကစားသမားနဲ့ရော ၊ လိုင်လီနဲ့ပါ သဘောတူညီမှု မရသေးပေမယ့် အပြောင်းအရွှေ့ ဖြစ်မြောက်အောင် အစွမ်းကုန် ကြိုးစား ဆွေးနွေးနေကြောင်း သိရှိရပါတယ်။

လက်ရှိမှာ လာလီဂါ ထိပ်သီးကလပ် ရီးရဲလ်မက်ဒရစ်က ယိုရိုကို ခေါ်ယူနိုင်ဖို့ ရေပန်းအစားဆုံး ဖြစ်နေသလို ယိုရိုကလည်း ရီးရဲလ်မက်ဒရစ်ကို သူ့ရဲ့ ဦးစားပေးအသင်း အဖြစ် သတ်မှတ်ထားပြီး လိုင်လီကတော့ ယိုရိုအတွက် အနိမ့်ဆုံး ပြောင်းရွှေ့ကြေး ယူရို ၆၀သန်း လိုချင်နေကြောင်း ပြင်သစ်အခြေစိုက် သတင်းရင်းမြစ်တွေက ဆိုကြပါတယ်။