ပရီးမီးယားလိဂ် နာမည်ကြီးအသင်း တသင်း ဖြစ်တဲ့ လီဗာပူးက ပရီးမီးယားလိဂ်ပြိုင်ပွဲ ကနေ တန်းဆင်းသွားတဲ့ ဆောက်သမ်တန်ရဲ့ အဓိက ကွင်းလယ်လူ လာဗီယာကို ခေါ်ယူဖို့ ပြည်တွင်းပြိုင်ဘက် အာဆင်နယ်နဲ့ အပြိုင် စိတ်ဝင်စားနေကြောင်း ယုံကြည် စိတ်ချရတဲ့ သတင်းရင်းမြစ်တွေက ဖော်ပြလာကြပါတယ်။

အသက် ၁၉နှစ် အရွယ်သာ ရှိသေးတဲ့ ဘယ်လ်ဂျီယံ လက်ရွေးစင် လူငယ် ကွင်းလယ်ကြယ်ပွင့် လာဗီယာက ပြီးခဲ့တဲ့ ၂၀၂၂ နွေဈေးကွက်မှာမှ မန်ချက်စတာ စီးတီးရဲ့ လူငယ်အသင်း ကနေ ဆောက်သမ်တန်ထံ ပြောင်းရွှေ့ ကစားခဲ့သူ ဖြစ်ပြီး သူက ဆောက်သမ်တန်ဆီ စစရောက်ချင်းမှာပဲ အသင်းခေါင်းဆောင် ဝက်ပရော့စ်နဲ့ တွဲဖက်ကာ အကောင်းဆုံး ခြေစွမ်းပြ ကစားနိုင်ခဲ့ပါတယ်။

Photo Credit: Goal

လာဗီယာက ကွင်းလယ်ခံစစ်နဲ့ ဗဟိုကွင်းလယ် နေရာတွေမှာ ကစားလေ့ ရှိသူ ဖြစ်ပြီး သူက လုပ်အားနှုန်း ကောင်းသလို ဘောလုံးအရည်အသွေး ပြည့်ဝတဲ့ လူငယ်ကြယ်ပွင့် တဦး ဖြစ်တာကြောင့် အနာဂတ်မှာ ထိပ်သီး ကွင်းလယ်လူ တဦး ဖြစ်လာနိုင်သူပါ။

သူ့ရဲ့ ခြေစွမ်းကောင်းတွေကြောင့်ပဲ ပရီးမီးယားလိဂ် ထိပ်သီးအသင်းတွေ ဖြစ်တဲ့ အာဆင်နယ် ၊ မန်ချက်စတာ ယူနိုက်တက် ၊ လီဗာပူး စတဲ့ အသင်းတွေက လာဗီယာကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြပြီး အာဆင်နယ်ကတော့ လာဗီယာ အတွက် တရားဝင် ဆွေးနွေးမှုတွေကို လွန်ခဲ့တဲ့ ၂ပတ်ထဲက စတင် လုပ်ဆောင်နေတာပဲ ဖြစ်ပါတယ်။

Photo Credit: Team Talk

အာဆင်နယ်က လာဗီယာကို ခေါ်ယူနိုင်ဖို့ အသည်းအသန် ကြိုးစားနေချိန်မှာပဲ လီဗာပူးကလည်း လာဗီယာကို ခေါ်ယူဖို့ စုံစမ်း မေးမြန်းမှုတွေ လုပ်ဆောင်လာခဲ့ပြီး လာဗီယာကတော့ သူ့အတွက် ပုံမှန် ပွဲထွက်ခွင့် ရနိုင်မယ့် အသင်းဆီ ပြောင်းဖို့ ဆုံးဖြတ်ထားကြောင်း နီးစပ်သူတွေက ဆိုပါတယ်။

နာမည်ကြီး သတင်းထောက် ဖြစ်သူ ဖာဘရီဇီယို ရိုမာနိုရဲ့ ဖော်ပြချက်အရ လီဗာပူးက ယမန်နေ့ညပိုင်းမှာ လာဗီယာ အတွက် တရားဝင် စုံစမ်းမှုတွေ ပြုလုပ်ခဲ့ပြီး လီဗာပူးက အာဆင်နယ်နဲ့အပြိုင် လာဗီယာ အတွက် ကမ်းလှမ်းမှုတွေ လုပ်ဖို့ ပြင်ဆင်ထားကြောင်း သိရပါတယ်။