ပရီးမီးယားလိဂ် အင်အားကြီးကလပ် လီဗာပူးက ယခုနှစ် ဘောလုံးရာသီ အကုန်မှာ သူတို့အသင်းနဲ့ လမ်းခွဲတော့မယ့် နည်းပြချုပ် ယာဂင် ကလော့ပ်ရဲ့ နေရာကို အစားဝင်နိုင်မယ့် နည်းပြကို လိုက်လံ ရှာဖွေနေရာ ဘိုင်ယန်မြူးနစ် နည်းပြဟောင်း ကိုဗက်ကလည်း လီဗာပူးရဲ့ ပစ်မှတ်စာရင်းထဲမှာ ပါဝင်လာခဲ့ကြောင်း ယုံကြည်ရတဲ့ သတင်းရင်းမြစ်တွေက ဖော်ပြလာကြပါတယ်။

လီဗာပူးက သူတို့အသင်းကို ၉နှစ်ကြာအောင် ကိုင်တွယ်ကာ အင်္ဂလန်ရဲ့ အင်အားကြီးအသင်း ဖြစ်လာအောင် ပြန်လည် တည်ဆောက်ပေးခဲ့တဲ့ နည်းပြကြီး ယာဂင် ကလော့ပ်ကို အသင်းမှာ ကာလရှည် ဆက်ထားဖို့ ဆန္ဒရှိခဲ့ပေမယ့် ကလော့ပ်က နည်းပြဘဝထဲ ဝင်ရောက်လာပြီးနောက် မိသားစုကို ကောင်းကောင်း အချိန်မပေးနိုင်ခဲ့တာကြောင့် ယခုနှစ် ဘောလုံးရာသီ အကုန်မှာ လီဗာပူးကို စွန့်ခွာပြီး နည်းပြလောက ကနေ ခေတ္တ အနားယူကာ မိသားစုကို ဂရုစိုက်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

Photo Credit: Sky Sports

လီဗာပူးရဲ့ တာဝန်ရှိသူတွေက ကလော့ပ်ကို အသင်းမှာ ဆက်ထိန်းထားချင်ပေမယ့် ကလော့ပ်ရဲ့ ဆန္ဒကို အလေးထားတာကြောင့် ယာဂင် ကလော့ပ်အလွန်မှာ အသင်းကို အောင်မြင်မှုတွေဆီ ပို့ဆောင်ပေးနိုင်မယ့် နည်းပြကောင်း တဦးကို စတင် ရှာဖွေနေပြီး ဂျာမဏီအသင်းနည်းပြ နာဂယ်စမန်း ၊ ဘရိုက်တန်နည်းပြ ဒီဇာဘီ ၊ စပို့တင်း လစ္စဘွန်းနည်းပြ အမိုရင်တို့ဟာ လီဗာပူးနဲ့ အပြောင်းအရွှေ့ သတင်းတွေ ထွက်ပေါ်နေတဲ့ နည်းပြစာရင်းထဲမှာ ပါဝင်နေပါတယ်။

ပြီးခဲ့တဲ့ ရက်သတ္တပတ် အတွင်းမှာ လီဗာပူးက စပို့တင်း လစ္စဘွန်းနည်းပြချုပ် အမိုရင်ကို ခေါ်ယူနိုင်တော့မယ် ဆိုတဲ့ သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်ခဲ့ဖူးပေမယ့် အမိုရင်က သူနဲ့ လီဗာပူး ကြားထဲမှာ ဘာသဘောတူညီမှုမှ မရှိသေးကြောင်း တရားဝင် ထုတ်ပြောခဲ့တာကြောင့် အမိုရင်ရဲ့ လီဗာပူးနည်းပြ ဖြစ်လာနိုင်ချေကလည်း လျော့ကျသွားခဲ့ပါတယ်။

Photo Credit: Football 365

နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Daily Mailရဲ့ ဖော်ပြချက်အရ လီဗာပူးက လတ်တလောမှာ အသင်းလက်မဲ့ ဖြစ်နေတဲ့ ဘိုင်ယန်မြူးနစ်နဲ့ မိုနာကို နည်းပြဟောင်း ကိုဗက်ကို ခေါ်ယူဖို့ စိတ်ဝင်စားမှုတွေ ရှိလာပြီး ကိုဗက်ကလည်း လီဗာပူးဆီ ပြောင်းရွှေ့လာချင်နေကြောင်း သိရှိရပါတယ်။

အသက် ၅၂နှစ် အရွယ် ခရိုအေးရှားလူမျိုး နာမည်ကြီးနည်းပြ ကိုဗက်က ယာဂင် ကလော့ပ်လိုမျိုး ဘွန်ဒက်လီဂါမှာ ကာလရှည် ကျင်လည်ခဲ့ဖူးတဲ့ နည်းပြ တဦး ဖြစ်ပြီး သူက ဖရန့်ဖတ် ၊ ဘိုင်ယန်မြူးနစ် ၊ ဝုဖ်ဘက် စတဲ့ အသင်းတွေကို ကိုင်တွယ်ခဲ့ဖူးကာ သူက ဘွန်ဒက်လီဂါ ၁ကြိမ် ၊ ဂျာမန်စူပါဖလား ၁ကြိမ်နဲ့ ဂျာမန် ပိုကယ်ဖလား ၂ကြိမ်တို့ကို ရယူ ဆွတ်ခူးထားနိုင်သူပါ။