MySport Myanmar

လာမယ့်နွေဈေးကွက်မှာ ပဲလေ့စ်ခံစစ်မှူး ဂေဟီကို ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ လီဗာပူး

ပရီးမီးယားလိဂ် အင်အားကြီးကလပ် လီဗာပူးက လာမယ့်ရာသီ အတွက် ကြိုတင် ပြင်ဆင်မှု တရပ် အဖြစ် နွေဈေးကွက်မှာ ခရစ္စတယ် ပဲလေ့စ်ရဲ့ အဓိက ဗဟိုခံစစ်မှူး ဖြစ်သူ ဂေဟီကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြောင်း ယုံကြည် စိတ်ချရတဲ့ သတင်းရင်းမြစ်တွေက ဖော်ပြလာကြပါတယ်။

လီဗာပူးက ခံစစ်ကြောင်းမှာ ဗန်ဒိုက် ၊ ကိုနာတေး ၊ မာတစ် ၊ ဂိုမက်ဇ် ၊ ကွမ်ဆက်ရှ် စတဲ့ ဗဟိုခံစစ်မှူး ၅ဦး အထိ ပိုင်ဆိုင်ထားပေမယ့် ဗန်ဒိုက်နဲ့ မာတစ်တို့က အသက်အရွယ် ရလာသလို ဂိုမက်ဇ်နဲ့ ကွမ်ဆက်ရှ်တို့ရဲ့ ခြေစွမ်းကလည်း တနေ့ရွှေ ၊ တနေ့ငွေ ဖြစ်နေဆဲပါ။

Photo Credit: Euro Sports

ဒါကြောင့်ပဲ လီဗာပူးရဲ့ အပြောင်းအရွှေ့ဌာနက လာမယ့် နွေဈေးကွက်မှာ အသင်းအတွက် အားကိုးရမယ့် ထိပ်တန်း ဗဟိုခံစစ်မှူး ၁ဦးကို ခေါ်ယူဖို့ ဆုံးဖြတ်ထားပြီး လီဗာပူးရဲ့ နံပါတ်တစ် ပစ်မှတ်ကတော့ ပရီးမီးယားလိဂ် အတွေ့အကြုံ ရှိသလို ခြေစွမ်းကလည်း ထိပ်တန်းအဆင့်မှာ ရှိတဲ့ ဂေဟီပဲ ဖြစ်ပါတယ်။

အသက် ၂၃နှစ် အရွယ် အင်္ဂလန် ဗဟိုနောက်ခံလူ ဂေဟီက ၂၀၂၁ခုနှစ်မှာ ချယ်လ်ဆီးကနေ ခရစ္စတယ် ပဲလေ့စ်ထံ ပြောင်းရွှေ့လာခဲ့ပြီးနောက် အသင်းရဲ့ အဓိက ဗဟိုနောက်ခံလူ အဖြစ် ခြေစွမ်းကောင်းတွေ ပြသထားနိုင်သူ ဖြစ်ပြီး သူက ၃နှစ်တာ ကာလအတွင်းမှာ ပဲလေ့စ်အတွက် ပြိုင်ပွဲစုံမှာ ၁၀၈ပွဲ အထိ ပါဝင် ကစားပေးနိုင်ခဲ့ရာ သွင်းဂိုး ၅ဂိုး အထိ သွင်းယူနိုင်ခဲ့ကာ အဝါကတ်ကလည်း ၁၄ကတ်သာ ထိခဲ့ပါတယ်။

Photo Credit: Goal

နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Telegraphရဲ့ ဖော်ပြချက်အရ လီဗာပူးက သူတို့ရဲ့ ခံစစ်ပိုင်း အတွက် လာမယ့် နွေဈေးကွက်မှာ ဂေဟီကို ခေါ်ယူရန် ကြိုးစားဖို့ ဆုံးဖြတ်လိုက်ပြီး ဂေဟီကလည်း သူ့ရဲ့ ကစားသမားဘဝ အတွက် လာမယ့် နွေဈေးကွက်မှာ ခရစ္စတယ် ပဲလေ့စ်ကို စွန့်ခွာဖို့ စဉ်းစားထားကြောင်း သိရှိရပါတယ်။

မကြာခင်မှာ မန်ချက်စတာ ယူနိုက်တက်ရဲ့ အားကစားဒါရိုက်တာ ဖြစ်လာဖို့ ရေပန်းစားနေတဲ့ အက်ရှတန်က ဂေဟီရဲ့ အမာခံပရိသတ် ဖြစ်တာကြောင့် မန်ချက်စတာ ယူနိုက်တက်ကလည်း လီဗာပူးနဲ့အပြိုင် ဂေဟီကို ခေါ်ယူဖို့ ကြိုးစားလာနိုင်ကြောင်းလည်း Telegraphက ဖော်ပြထားပါသေးတယ်။

Exit mobile version