ပရီးမီးယားလိဂ် နာမည်ကြီးအသင်း တသင်း ဖြစ်တဲ့ လီဗာပူးက သူတို့ရဲ့ လိဂ်ပြိုင်ဘက် ချယ်လ်ဆီးရဲ့ လူငယ်ကြယ်ပွင့် ဗဟိုခံစစ်မှူး ကိုဝဲလ်ကို ခေါ်ယူရန် စိတ်ဝင်စားနေသလို မကြာခင်မှာ ကိုဝဲလ်အတွက် တရားဝင် ကမ်းလှမ်းမှုတွေ လုပ်တော့မယ်လို့ ယုံကြည် စိတ်ချရတဲ့ သတင်းရင်းမြစ်တွေက အခိုင်အမာ ဖော်ပြလာခဲ့ပါတယ်။

အသက် ၂၀ အရွယ်သာ ရှိသေးတဲ့ အင်္ဂလန် ယူ-၂၁ လက်ရွေးစင် ကိုဝဲလ်က မကြာသေးမီကပဲ ကျင်းပ ပြီးစီးခဲ့တဲ့ ဥရောပ ယူ-၂၁ ဖလားပြိုင်ပွဲမှာ အင်္ဂလန် ယူ-၂၁အသင်းနဲ့အတူ ချန်ပီယံ အဖြစ် အောင်ပွဲခံနိုင်ခဲ့တဲ့ ကစားသမား ဖြစ်ပြီး ကိုဝဲလ်ဟာ အင်္ဂလန် ယူ-၂၁အသင်းရဲ့ အဓိက ဗဟိုနောက်ခံလူ အဖြစ် ခြေစွမ်းကောင်းတွေလည်း ထုတ်ပြနိုင်ခဲ့ပါတယ်။

Photo Credit: 90 Min

ချယ်လ်ဆီးရဲ့ နာမည်ကျော် ကော့ဘ်ဟမ်း အကယ်ဒမီထွက် ကစားသမားလေး ကိုဝဲလ်က ဘယ်ခြေအားသန် ဗဟိုခံစစ်မှူး တဦး ဖြစ်ပြီး ဘောလုံးကိုင် ကစားရာမှာ ထူးချွန်ကာ ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ ဘရိုက်တန်ဆီ အငှား ထွက်ကစားခဲ့ရာမှာလည်း ပုံမှန် ပွဲထွက်ခွင့် ရခဲ့ပါတယ်။

ကိုဝဲလ်က ဘရိုက်တန်အတွက် ၂၂ပွဲ ပါဝင် ကစားပေးခဲ့ရာ ဂိုးဖန်တီးမှု ၂ကြိမ် အထိ ပြုလုပ်ပေးနိုင်ခဲ့ပြီး သူ့ရဲ့ ခြေစွမ်းကောင်းတွေကြောင့်ပဲ ဘရိုက်တန်က ကိုဝဲလ်ကို အပြီးသတ် ခေါ်ယူဖို့ ကြိုးစားခဲ့ပေမယ့် ချယ်လ်ဆီးက သူတို့ရဲ့ လူငယ်ကြယ်ပွင့် အတွက် ပြောင်းရွှေ့ကြေး ပေါင် ၈၀သန်း ဝန်းကျင် အထိ တောင်းဆိုခဲ့တာကြောင့် ဘရိုက်တန်ဟာ ကိုဝဲလ်ကို ခေါ်ယူဖို့ လက်လျှော့ခဲ့ရတာပါ။

Photo Credit: Team Talk

လက်ရှိမှာတော့ ချယ်လ်ဆီးက စာချုပ်သက်တမ်း ၂နှစ်သာ ကျန်တော့တဲ့ ကိုဝဲလ်ကို စာချုပ်သစ် ချုပ်ဆိုဖို့ ကြိုးစားနေပေမယ့် ကိုဝဲလ်ဟာ ပုံမှန် ပွဲထွက်ခွင့် အာမခံချက် ပေးနိုင်မှ ချယ်လ်ဆီးမှာ ဆက်နေဖို့ စဉ်းစားထားပြီး အကယ်၍ ချယ်လ်ဆီးက သူ့ကို ပုံမှန်ပွဲထွက်ခွင့် မပေးနိုင်ရင် တခြားအသင်း တသင်းဆီ ယခု နွေဈေးကွက် အတွင်းမှာပဲ အသင်းပြောင်းချင်နေပါတယ်။

နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Talksportsရဲ့ ဖော်ပြချက်အရ လီဗာပူးက ချယ်လ်ဆီးနဲ့ စာချုပ်သစ် ချုပ်ဆိုဖို့ မရေမရာ ဖြစ်နေတဲ့ ကိုဝဲလ်ကို ခေါ်ယူဖို့ စိတ်ဝင်စားလာပြီး လီဗာပူးရဲ့ တာဝန်ရှိသူတွေက ကိုဝဲလ်ရဲ့ အေးဂျင့်ထံ ဆက်သွယ်ကာ ချိတ်ဆက်မှုတွေ လုပ်ထားသလို လီဗာပူးနည်းပြ ယာဂင် ကလော့ပ်ကလည်း ကိုဝဲလ်ကို သူတို့အသင်းဆီ ပြောင်းလာဖို့ နားချနေကြောင်း သိရပါတယ်။